အင်ဒိုနီးရှားရှိ ဆီနာဘန်းမီးတောင် ပေါက်ကွဲခဲ့

အင်ဒိုနီးရှားရှိ ဆီနာဘန်းမီးတောင် ပေါက်ကွဲခဲ့

ဇူလိုင် ၂၉

အင်ဒိုနီးရှားနိုင်ငံရှိ ဆီနာဘန်းမီးတောင်ဟာ ယမန်နေ့ ဇူလိုင် ၂၈ ရက်က ပေါက်ကွဲခဲ့ပြီး ကြီးမားလှတဲ့ မီးခိုးမည်းတွေနဲ့ ပြာပူတွေ ကောင်းကင်ယံဆီ မှုတ်ထုတ်ခဲ့ပါတယ်။

မြောက်ဆူမားတြားပြည်နယ်မှာ ရှိတဲ့ အဆိုပါ မီးတောင် ပေါက်ကွဲမှုဟာ ၁၂ မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့ ပြည်တွင်းဘူမိဗေဒအေဂျင်စီတစ်ခုက ပြောပါတယ်။

“မီးတောင်ကနေ မှုတ်ထုတ်လိုက်တဲ့ အရာတွေက လေထုထဲ မီတာ ၄,၅၀၀ အထိ ရောက်ခဲ့သလို အချိန်အတော်ကြာမြင့်ခဲ့ပါတယ်” လို့ အေဂျင်စီရဲ့ ဆီနာဘန်း မီးတောင် စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ အာမန် ပူထရာက အေအက်ဖ်ပီကို ပြောပါတယ်။

အေဂျင်စီက ထုတ်ဖော်ခဲ့တဲ့ ဓာတ်ပုံထဲမှာတော့ မီးတောင်ဝကနေ ထူထဲတဲ့ မီးခိုးပြာတွေ ထွက်ပေါ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် မီးခိုးတွေနဲ့ ပြာတွေဟာ မီးတောင်ထိပ်ကနေ မီတာ ၁,၀၀၀ အ‌ဝေးအထိ ပျံ့လွင့်ခဲ့တယ်လို့လည်း အေဂျင်စီက ပြောပါတယ်။

မီးတောင်ရဲ့ အစအနတွေဟာ အနီးအနား ရွာတွေဆီ မရောက်ခဲ့တာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းမှု ညွှန်ကြားချက်တွေ မထုတ်ပြန်ခဲ့သလို ယင်းဧရိယာအတွင်း လေယာဉ်ပျံသန်းမှုတွေကိုလည်း အနှောင့်အယှက် ဖြစ်မှု မရှိခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း အဆိုပါ မီးတောင် တိုးမြှင့်လှုပ်ရှားထားခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လူမနေထိုင်တော့တဲ့ မီးတောင်အနီးပတ်လည် ငါးကီလိုမီတာ ဇုန်ထဲ လူတွေ မသွားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

၂,၄၆၀ မီတာ (ပေ ၈,၀၇၀) အမြင့်ရှိ ဆီနာဘန်း မီးတောင်ကတော့ ရာစုနှစ်များနဲ့ချီ ငြိမ်သက်နေခဲ့ပြီးမှ ၂၀၁၀ မှာ ပြန်လည်လှုပ်ရှားလာခဲ့ပြီး ယင်းအချိန်က ပေါက်ကွဲမှုတစ်ခုကြောင့် လူနှစ်ဦး သေဆုံးခဲ့ရပါတယ်။

ယင်းဟာ ၂၀၁၃ မှာ တဖန် ပေါက်ကွဲခဲ့ပြီး ယင်းနောက်ပိုင်းကစလို့ လှုပ်ရှားမှုတွေ ဆက်ရှိနေခဲ့ပါတယ်။

နောက်တစ်နှစ်မှာ ‌ပေါက်ကွဲမှုတစ်ခုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့သလို ၂၀၁၆ ခုနှစ်က ပေါက်ကွဲမှုတစ်ခုမှာလည်း လူခုနစ်ဦး သေဆုံးခဲ့ပါ‌သေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly