‘အနောက်အုပ်စုအပေါ် ယုံစားခြင်းက အလုပ်မဖြစ်တာ’ သင်ခန်းစာ ရပြီးသားလို့ အီရန်ဥသျှောင် ပြော 

‘အနောက်အုပ်စုအပေါ် ယုံစားခြင်းက အလုပ်မဖြစ်တာ’ သင်ခန်းစာ ရပြီးသားလို့ အီရန်ဥသျှောင် ပြော 
Photo - AFP

ဇူလိုင် ၂၉

အီရန်နိုင်ငံရဲ့ ဘာသာရေးဥသျှောင် အယာတိုလက်ရှ်အလီခါမေနီဟာ အနောက်အုပ်စုအပေါ် ယုံစားတာဟာ အလုပ်မဖြစ်ဘူးဆိုတာ သင်ခန်းစာ ရပြီးသားဆိုတဲ့ သဘောမျိုး ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။ 

အမေရိကန်အပါအဝင် အနောက်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ လက်ရှိ တာဝန်ယူထားဆဲ အစိုးရရဲ့ အတွေ့အကြုံကနေ ပြသနေတာကတော့ ‘အနောက်အုပ်စုအပေါ် ယုံကြည်ခြင်းဟာ အလုပ်မဖြစ်ဘူး’ဆိုတာပဲလို့ ခါမေနီက ပြောဆိုလာတာ ဖြစ်ပါတယ်။ 

သမ္မတ ဟတ်ဆန်ရိုဟာနီရဲ့ သံခင်းတမန်ခင်း အောင်မြင်မှုအဖြစ် အင်အားကြီးနိုင်ငံတွေနဲ့ ၂၀၁၅ နျူကလီးယားစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ရာမှာ အီရန်ဟာ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုအချို့ ရုပ်သိမ်းပေးခံရပြီး အပြန်အလှန်အားဖြင့် အီရန်က သူ့ရဲ့ နျူကလီးယား စီမံကိန်းကို ကန့်သတ်လုပ်ဆောင်ပေးခဲ့ရပါတယ်။ 

ဒါပေမဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်မှာ သဘောတူညီချက်ကနေ တစ်ဖက်သတ်နုတ်ထွက်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လာတာကြောင့် အဲဒီ နျူကလီးယား သဘောတူညီချက်ဟာ ဖျက်ဆီးခံလိုက်ရတော့တာပဲ ဖြစ်ပါတယ်။ 

“အနာဂတ် မျိုးဆက်တွေအနေနဲ့ ဒီ အတွေ့အကြုံကို သင်ခန်းစာ ယူသင့်တယ်၊ အခု အစိုးရလက်ထက်မှာ အနောက်အုပ်စုကို ယုံစားမိတာဟာ အလုပ်မဖြစ်ဘူးဆိုတာ ရှင်းလင်းနေတာပဲ”လို့ တာဝန်ထမ်းဆောင်ဆဲ သမ္မတ ရိုဟာနီနဲ့ အစိုးရအဖွဲ့ဝင်တွေကို ခါမေနီက ပြောပါတယ်။ 

သဘောတူညီချက်မှာ အမေရိကန် ပြန်လည်ပါဝင်လာရေးအတွက် ဧပြီလကစပြီး ရိုဟာနီအစိုးရဟာ အင်အားကြီးနိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံသမ္မတ အီဘရာဟင်ရာအိစီကို လာမယ့် လမှာ ရာထူးလက်လွှဲရချိန်အထိ သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာဖို့ လမ်းစမမြင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။  

အမေရိကန်ဟာ တစ်ချို့ အရေးကိစ္စရပ်တွေကို နောက်ပိုင်း ထည့်သွင်းဖော်ဆောင်ရမယ်၊ ဒီလိုမှ မဟုတ်ရင် သဘောတူဖြစ်လိမ့်မှာ မဟုတ်ဘူးဆိုတဲ့ ချမှတ်ချက် ပါဝင်မှ ၂၀၁၅ သဘောတူညီချက်မှာ ပြန်လည်ပါဝင်မယ်ဆိုပြီး ရပ်တည်နေတယ်လို့ ခါမေနီက ပြောပါတယ်။ 

“အဲဒီ ချမှတ်ချက်ကို လက်ကိုင်ပြုပြီး ဒုံးကျည်နဲ့ ဒေသတွင် အရေးကိစ္စတွေမှာ အမေရိကန်ဟာ သဘောတူညီချက်ကို နောက်ထပ် ထင်သလို ခြယ်လှယ်ခွင့် ရဖို့ အကြောင်းပြချက် လိုချင်နေတာပဲ ဖြစ်တယ်”လို့ ခါမေနီက ပြောကြောင်း သူ့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ကိုးကားဖော်ပြခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly