နိုင်ငံပိုင်ပစ္စည်းများမှ ရူပီး ၂ ဒသမ ၅ ထရီလီယံကျော် ငွေဖော်ရေး အရှိန်မြှင့်တင်ရန် အိန္ဒိယအစိုးရ ဝက်ဘ်ဆိုက်စာမျက်နှာ ပြင်ဆင်

နိုင်ငံပိုင်ပစ္စည်းများမှ ရူပီး ၂ ဒသမ ၅ ထရီလီယံကျော် ငွေဖော်ရေး အရှိန်မြှင့်တင်ရန် အိန္ဒိယအစိုးရ ဝက်ဘ်ဆိုက်စာမျက်နှာ ပြင်ဆင်

အိန္ဒိယအစိုးရက ရူပီး ၂ ဒသမ ၅ ထရီလီယံကျော် ရရှိရန် နိုင်ငံပိုင်ပစ္စည်း ထုခွဲရောင်းချရေးအစီအစဉ်၏ အချိန်နှင့် တပြေးညီ တိုးတက်မှုနှင့် ယင်းအချက်အလက်များကို ရင်းနှီးမြှုပ်နှံသူများ အလွယ်တကူ မြင်တွေ့နိုင်စေရန် သတင်းအချက်အလက် ဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုကို ပြင်ဆင်လျှက်ရှိသည်။

အစိုးရဌာနနှင့် ဝန်ကြီးဌာနပိုင်ပစ္စည်းများကို လွှဲပြောင်းရယူလိုသည့် ရင်းနှီးမြှုပ်နှံသူများအတွက် အချက်အလက်များကို တစ်နေရာတည်းတွင် ပေးနိုင်ရန် အဆိုပါ ဝက်ဘ်ဆိုက်စာမျက်နှာကို ပြင်ဆင်ထားခြင်း ဖြစ်သည်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည်အခြေခံအဆောက်အဦကဏ္ဍတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်လာစေမည့် နိုင်ငံတော် အခြေခံအဆောက်အဦ လုပ်ငန်းစဉ် (NIP) နှင့် တူညီသည်။

လက်ရှိအသုံးပြုနေသည့် အခြေခံအဆောက်အဦပစ္စည်းများ ထုခွဲရောင်းချရေးလုပ်ငန်းစဉ် (NMP) ကို အစိုးရ၏ ပြည်သူ့ မူဝါဒဆိုင်ရာ အကြံပေးအဖွဲ့ NITI Aayog ဌာနက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၁-၂၂ မှ ၂၀၂၄-၂၅ အထိ လုပ်ဆောင်သွားမည်ဖြစ်သည်။

ကားလမ်း၊ ရထားလမ်း၊ လေကြောင်း၊ ဓာတ်အား၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် သိုလှောင်ရုံလုပ်ငန်းအပါအဝင် လက်ရှိ အသုံးပြုနေသည့် နိုင်ငံတော် ပိုင်ဆိုင်သည့် ပစ္စည်းအရပ်ရပ်ကို NMP အစီအစဉ်ဖြင့် ထုခွဲရောင်းချသွားမည်ဖြစ်ကြောင်း ပါလီမန်သို့ တင်ပြထားသည်။

ဗဟိုအစိုးရ ဝန်ကြီးဌာနများအနေဖြင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ စတင်၍ ၃ နှစ်အတွင်း နိုင်ငံပိုင်ပစ္စည်းများမှ ရူပီး ၂ ဒသမ ၅ ထရီလီယံကို ငွေဖော်သွားရန် မတ်လအတွင်း သတ်မှတ်ပေးခဲ့သည်။ ယင်းအစီအစဉ်တွင် ရထားဝန်ကြီးဌာန၊ ဆက်သွယ်ရေးဌာန၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ လေကြောင်းပျံသန်းရေးနှင့် အခြား

ဝန်ကြီးဌာနများ ပါဝင်သည်။ ကျောက်မီးသွေး လုပ်ငန်းဝန်ကြီးဌာနအနေဖြင့် သီးခြားအဖြစ် ရူပီး ၄၁၀၀၀ ကုဋေ ငွေဖော်ရန် သတ်မှတ်လျာထားသည်။

ပြည်နယ်အစိုးရများက ပိုင်ဆိုင်မှုများအပေါ် ငွေဖော်ရန်နှင့် နိုင်ငံပိုင်ပစ္စည်းများကို ပုဂ္ဂလိကသို့ ပြောင်းလဲရာတွင် တွန်းအားဖြစ်စေရန် လွှဲပြောင်းရယူမည့်အဖွဲ့အစည်းများအတွက် နှစ် ၅၀ အတိုးမဲ့ ချေးငွေထုတ်ပေးရန် ရူပီး ကုဋေ ၅၀၀၀ အထိ သတ်မှတ်ထားသည်။ နောက်ထပ် ၄-၅နှစ်တွင် ပြည်နယ်အစိုးရများက နိုင်ငံပိုင်ပစ္စည်း ထုခွဲရောင်းချရေး အစီအစဉ်မှ ရူပီး ၃ ထရီလီယံရရှိရန် သတ်မှတ်ထားကြောင်း Business Standard က သတင်းဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly