ကျေးလက်ကျောင်းဆရာဟောင်း ပီရူးသမ္မတသစ်က ကျမ်းသစ္စာဆိုရာမှာ ဖွဲ့စည်းပုံပြင်ဆင်မယ်လို့ ကတိပြု 

ကျေးလက်ကျောင်းဆရာဟောင်း ပီရူးသမ္မတသစ်က ကျမ်းသစ္စာဆိုရာမှာ ဖွဲ့စည်းပုံပြင်ဆင်မယ်လို့ ကတိပြု 
Photo - AFP

ဇူလိုင် ၂၉

ပီရူးနိုင်ငံရဲ့ နှစ် ၂၀၀ ပြည့် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၂၈ ရက်မှာ လက်ဝဲဝါဒီ ပီဒရိုကာစတီလိုက သုံးနှစ်အတွင်းမှာ နိုင်ငံရဲ့ ပဉ္စမမြောက် သမ္မတအဖြစ် ကျမ်းသစ္စာဆိုရာမှာ အကျင့်ပျက် ခြစားမှု အဆုံးသတ်စေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ထွက်ပေါ်လာစေရမယ်လို့ ကတိကဝတ်ပြု ပြောကြားပါတယ်။ 

လစ်ဘရယ်ဆန်တဲ့ အစိုးရရဲ့ နှစ်အစိတ်ကြာ အုပ်ချုပ်ရေးကို တွန်းလှန်ပစ်မယ်လို့ သံန္ဒိဋ္ဌာန်ချထားသူ အသက် ၅၁ နှစ်အရွယ် ကျေးလက်ကျောင်းဆရာ ပီဒရိုကာစတီလိုအနေနဲ့ ရေရှည်ဖြေရှင်းရမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ထိန်းချုပ်ရေး၊ နွမ်းလျနေတဲ့ စီးပွားရေးကို ပြန်လည်အသက်သွင်းရေးနဲ့ နှစ်များစွာ နိုင်ငံရေး ဝရုန်းသုန်းကားအခြေအနေတွေ အဆုံးသတ်ရေး အလုပ်ဝန်တွေကို ပုခုံးထမ်းလာရမှာ ဖြစ်ပါတယ်။ 

“အကျင့်ပျက်ခြစားမှု ကင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ နိုင်ငံတော်သစ် ဖြစ်စေဖို့ ပီရူးပြည်သူတွေကို တိုင်တည်သစ္စာပြုပါတယ်”လို့ လွှတ်တော်ရှေ့မှောက်မှာ ကာစတီလိုက ကြေညာပါတယ်။ ပီရူးနိုင်ငံရဲ့ ပွင့်လင်းသော ဈေးကွက် သံဟဇာတဖြစ်မှု အခြေခံအုတ်မြစ် ဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုတဲ့ မဲဆွယ်ကတိစကားကို ထပ်လောင်း ကျမ်းသစ္စာဆို လာတာလည်း ဖြစ်ပါတယ်။ 

တည်ရှိဆဲ အခြေခံဥပဒေဟာ အကျင့်ပျက်ခြစားမှုနဲ့ လူသားချင်း စာနာမှုမဲ့ ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေတဲ့ သမ္မတဟောင်း အယ်ဘတ်တိုဖူဂျီမိုရီနဲ့ ကာစတီလိုရဲ့ အဓိကပြိုင်ဖက်ရဲ့ ဖခင်ဖြစ်သူ လက်ယာယိမ်း သာမန်လူထုအကျိုးမျှော်ဝါဒီ ကေကိုဖူဂျီမိုရီတို့ လက်ထက်က ပြဋ္ဌာန်းခဲ့တာပါ။ 

ပီရူးနိုင်ငံဟာ အဲဒီ ၁၉၉၃ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ‘အကျဉ်းစံ’ မဖြစ်စေရဘူးလို့ အခိုင်အမာပြောရင်း သမ္မတသစ် ကာစတီလိုက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အစားထိုး ပြဋ္ဌာန်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် မူကြမ်းကို လွှတ်တော်ဆီ ပေးပို့သွားမယ်လို့ ဆိုပါတယ်။ 

ကာစတီလိုရဲ့ လွတ်လပ်သော ပီရူး ပါတီဟာ အကွဲကွဲ အပြဲပြဲဖြစ်နေတဲ့ လွှတ်တော်မှာ အများစု အနိုင်ခဲ့တာမဟုတ်ဘဲ အမတ်နေရာ ၁၃၀ မှာ ၃၇ နေရာသာ အနိုင်ရရှိခဲ့တာပါ။ 

အဓိကပြိုင်ဖက် သမ္မတကိုယ်စားလောင်း အမျိုးသမီးဖြစ်သူ ဖူဂျီမိုရီက မဲမသမာမှုတွေ ရှိတယ်လို့ စွပ်စွဲတာကြောင့် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်သုံးသပ်ခဲ့ရပြီး မဲအရေအတွက် တိုက်လို့ နှစ်ဦး ယှဉ်ပြိုင် ပြန်လည်မဲပေးခဲ့ရပြီးနောက် သီတင်း ခြောက်ပတ်အကြာ ဇူလိုင် ၁၉ ရက်မှာမှ ကာစတီလို အနိုင်ရကြောင်း ကြေညာခံရတာပါ။ 

ဖူဂျီမိုရီက သူ့ရဲ့ ပြည်သူ့အင်အား ပါတီဟာ ‘ကွန်မြူနစ် အခြေခံဥပဒေသစ်ရဲ့ မီးခဲပြာဖုံးထားတဲ့ ခြိမ်းခြောက်မှုတွေကို ကာရံပေးမယ့် ခိုင်မာတဲ့ နံရံဖြစ်စေရမယ်’လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့က ကာစတီလိုရဲ့ ကျမ်းသစ္စာဆိုပွဲကို စပိန်ဘုရင် ဖိလစ် ၆၊ လက်တင်အမေရိက နိုင်ငံများ ခေါင်းဆောင်ငါးဦး၊ ဘိုလီဗီးယားသမ္မဟောင်း အီဗိုမိုရေးနှင့် အမေရိကန် ပညာရေးဝန်ကြီးနှင့် အခြားဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။ 

မြို့တော် လီမာမှာ ရဲအင်အား ၁၀၀၀၀ နီးပါး ဖြန့်ကြက်ချထားသလို ကာစတီလိုကို မဲပေးသူတွေက အလံတွေ၊ စာတမ်းတွေ ဝှေ့ယမ်းရင်း ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly