ဒဏ်ရာကြောင့် နေမာ အနားယူရမည့်အချိန်မှာ ကစားသမားပေါ်တွင်သာ မူတည်ဟု နည်းပြဆို

ဒဏ်ရာကြောင့် နေမာ အနားယူရမည့်အချိန်မှာ ကစားသမားပေါ်တွင်သာ မူတည်ဟု နည်းပြဆို

ဒီဇင်ဘာ ၁၀၊ ဘာစီလိုနာ ။            ။ ပေါင်ခြံဒဏ်ရာကြောင့် နေမာအနားယူရမည့်အချိန်ကာလအရေအတွက်မှာ ကစားသမားပေါ်တွင်သာ မူတည်သည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်က ပြောသည်။

နေမာသည် လေဗာကူဆင်နှင့် တစ်ဂိုးစီသရေကျမည့် ချန်ပီယံလိဂ်ပွဲမတိုင်မီ လေ့ကျင့်ခန်းပြုလုပ်စဉ် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဘရာဇီးတိုက်စစ်မှူးနေမာ၏ ဖခင်ကမူ သားဖြစ်သူမှာ ဘာစီလိုနာအသင်း ဒီဇင်ဘာ ၁၇ တွင် ဆီမီးအဆင့်မှစတင်ကစားရမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီပြန်ကောင်းလာမည်ဟု ဆိုထားသည်။

သို့သော်လည်း ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်က လေဗာကူဆင်နှင့်ပွဲအပြီးတွင် နေမာပြန်ကောင်းလာမည့်အချိန်ကာလအရေအတွက် ကိုပြောရန် ငြင်းဆန်သွားသည်။

"ကစားသမားဒဏ်ရာရတာက ဒီမှာရှိတဲ့လူတိုင်းအတွက်တော့ စိတ်ပျက်စရာ သတင်းပါပဲ။ အခုအချိန်မှာတော့ ဒဏ်ရာကိုသူဘယ်လိုတုန့်ပြန် မလဲ၊ ဆရာဝန်တွေကဘာပြောမလဲဆိုတာနဲ့ ဘာဒဏ်ရာရတာလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

အဲဒီနောက်မှာတော့ တခြားဒဏ်ရာရကစားသမားတွေလိုပဲ သူဘယ်ချိန်ပြန်ကောင်းလာမလဲစောင့်ကြည့်ရမှာဖြစ်ပြီး ပြန်ကောင်းလာဖို့ မျှော်လင့်ရမှာပါ။ ဒါကလည်း သူ့အပေါ်မှာနဲ့ ဆရာဝန်တွေရဲ့   ပြောစကားအပေါ်မှာ မူတည်ပါတယ်"ဟု အင်းနရစ်က ပြောသည်။

ကမ္ဘာ့အကောင်းဆုံးကစားသမားသုံးဦး ဆန်ကာတင်စာရင်းတွင် ပါဝင်နေသော နေမာသည် ယခုနှစ်တွင် ဘာစီလိုနာအသင်းအတွက် ၁၈ ပွဲ ကစားပြီး ၁၆ ဂိုးသွင်းယူထားသည်။

Ref; soccerway

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly