တရုတ်၏ ထိုးစစ်ဆင်မှုဆိုင်ရာ ခြိမ်းခြောက်မှုက ခန့်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာနေဟု အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး ပြော

တရုတ်၏ ထိုးစစ်ဆင်မှုဆိုင်ရာ ခြိမ်းခြောက်မှုက ခန့်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာနေဟု အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး ပြော

တရုတ်သည် ယင်း၏ ထိုးစစ်ဆင်မှုဆိုင်ရာ လေကြောင်းလုပ်နိုင်စွမ်းများကို ပိုမိုအားကောင်းစေရန် တည်ဆောက်နေလျက် ရှိရာ ယင်းတို့သည် အမေရိကန် စစ်တပ် စီမံချက်ရေးဆွဲသူများ လွန်ခဲ့သည့် သုံးနှစ်အကြာက ၎င်းတို့၏ အမျိုးသားကာကွယ်ရေးမဟာဗျူဟာထဲတွင် မျှော်မှန်းထားခဲ့သည့် အတိုင်းအတာထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာနေကြောင်း အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက ဇူလိုင် ၂၁ ရက်တွင် ပြောသည်။

“ခြိမ်းခြောက်မှုက ကျွန်တော်တို့ ၂၀၁၈ ခုနှစ်တုန်းက ခန့်မှန်းတွေးဆခဲ့တာထက် အတော့်ကို ပိုမြန်မြန်ဆန်ဆန် အရှိန်မြင့်နေပါတယ်” ဟု အမေရိကန် လေတပ်၏ စီမံကိန်းရေးဆွဲမှုနှင့် ပရိုဂရမ်များဆိုင်ရာ ဒုဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဒေးဗစ် နာဟွန်က အမေရိကန် ဆိနိတ်လွှတ်တော် လျာထားချက်များဆိုင်ရာ ကော်မတီခွဲတစ်ခု၏ ကြားနာမှုတစ်ခုအတွင်း ပြောခဲ့သည်။

တရုတ်သည် လေကြောင်း တိုက်ခိုက်မှု လုပ်နိုင်စွမ်းများ အပါအ၀င် ယင်း၏ စစ်ရေးပါ၀ါ ကို ချဲ့ထွင်ရန် မြန်ဆန်နိုင်သမျှ မြန်ဆန်စွာဖြင့် ရှေ့တိုး လုပ်ဆောင်နေကြောင်း နာဟွန်က ရေတပ်နှင့် လေတပ် လက်နက်စနစ်များ ဖြုတ်သိမ်းလျှော့ချရေး ကိစ္စတစ်ခုနှင့်ပတ်သက်ပြီး ပြောကြားစဥ် ထည့်သွင်း ပြောကြားခဲ့သည်။

“တရုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင် အလောတကြီး ဖြစ်နေတဲ့ အဓိပ္ပါယ်တစ်ခုကို ပြသနေပါတယ်၊ သူတို့ဟာ ကျွန်တော်တို့ မမြင်တွေ့ချင်တဲ့ အရာတစ်ခုနဲ့ မတူကွဲပြားတဲ့ အနာဂတ်တစ်ခုကို ကြည့်နေကြပါတယ်၊ ပြီးတော့ သူတို့ဟာ အဲဒီ အနာဂတ်ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေပါတယ်” ဟု နာဟွန်က ပြောသည်။

“သူတို့ရဲ့ အားထုတ်မှုတွေထဲမှာ စစ်ရေးပါ၀ါပိုင်းကို ကြီးကြီးမားမား တည်ဆောက်မှုတစ်ခု ပါ၀င်နေသလို အသာစီးအနေအထားတစ်ခု ရဖို့ အဲဒီစစ်တပ်ကို အသုံးပြုမယ့် ရှင်းလင်းတဲ့ ရည်ရွယ်ချက်တစ်ခုလည်း ပါ၀င်နေပါတယ်”

အမေရိကန်လေတပ်သည် ယင်းအနေဖြင့် ယင်း၏ ၂၀၂၂ ဘဏ္ဍာရေး ဘတ်ဂျက် ပန်ကြားချက်အရ လေယာဥ်အစင်း ၂၀၀ ကျော်ကို အနားပေးရန် စီစဥ်နေသည်ဟု ပြောထားခဲ့သည်။ အမေရိကန် လေတပ်၏ အဆိုအရ ၎င်းတို့၏ ဆဋ္ဌမမြောက် မျိုးဆက် တိုက်လေယာဥ်၊ အသံထက်မြန်သော လက်နက်များနှင့် အခြား ထွန်းသစ်စ နည်းပညာများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံရန်အလို့ငှာ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးငွေတစ်ရပ် ထွက်ပေါ်လာစေရေးအတွက် အထက်ပါ လျှော့ချမှုများကို လုပ်ဆောင်ရန် ဆန္ဒရှိနေသည်ဟု သိရသည်။

နိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည့် သဲကန္တာရ ဧရိယာတစ်ခုတွင် မြေအောက်ဒုံးပစ်ကျင်းအသစ် ၁၀၀ ကျော်ကို ပေကျင်းက တည်ဆောက်လျက် ရှိသည် ဆိုပြီး ၀ါရှင်တန်ပို့စ် သတင်းတစ်ရပ်က ထုတ်ဖော်ခဲ့ပြီးနောက် တရုတ်တို့၏ အရှိန်မြင့်လာနေသော နျူကလီးယား လက်နက်ခဲယမ်းစုများ ကြီးထွားလာခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်က ယခုလအစောပိုင်းက ထုတ်ဖော်ထားခဲ့သည်။

“ဒီလို သတင်းတွေနဲ့ အခြား ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ တရုတ်ရဲ့ နျူကလီးယားလက်နက်ခဲယမ်းစုတွေဟာ ပိုမို မြန်ဆန်စွာ ကြီးထွားလာဖို့ ရှိနေပြီး ဖြစ်ကောင်းဖြစ်နိုင်တာတစ်ခုက အရင်က မှန်းထားခဲ့တာထက် ပိုမိုမြင့်မားတဲ့ လယ်ဗယ်တစ်ခုကို ရောက်ရှိမယ်ဆိုတာကို ပြသနေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ပေကျင်းက နျူကလီးယား မြေအောက်ဒုံးပစ်ကျင်းသစ် ၁၀၀ ကျော် တည်ဆောက်နေသည် ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုကို ပြန်လည် ဖြေကြားစဥ် ထည့်သွင်းပြောကြားခဲ့သည်။

“ဒီလို တဖြည်းဖြည်း များလာမှုက စိုးရိမ်စရာ ကောင်းနေပြီး ဒါက တရုတ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်စေပါတယ်” တရုတ်၏ နျူကလီးယားလက်နက်ခဲယမ်းစု ကြီးထွားလာမှုက လက်နက် ထိန်းချုပ်မှု အစီအမံများ လိုအပ်မှုကို ပြသနေကြောင်း နက်ပရိုက်စ်က အလေးပေး ပြောခဲ့ကာ လက်နက်ပြိုင်ဆိုင်မှုများကို ရှောင်ကြဥ်ရန် လက်နက်ထိန်းချုပ်မှုပိုင်းတွင် အတူတကွ လုပ်ဆောင်ရေးအတွက် ပေကျင်းကို တိုက်တွန်းခဲ့သည်။

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင်လည်း အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေးသည် ဆက်လက် ယိုယွင်းဆိုးရွားနေခဲ့ပြီး အဆိုပါ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံသည် စီးပွားရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်တစ်ချို့နှင့်ပတ်သက်ပြီး သဘောထားချင်း ပဋိပက္ခဖြစ်ထားခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly