အမေရိကန်ကာကွယ်ရေးဝန်ကြီး အရှေ့တောင်အာရှသို့ ခရီးစဉ် ထွက်ခွာ

အမေရိကန်ကာကွယ်ရေးဝန်ကြီး အရှေ့တောင်အာရှသို့ ခရီးစဉ် ထွက်ခွာ

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်၏ ယခုသီတင်းပတ်အတွင်း သွားရောက်မည့် အရှေ့တောင်အာရှခရီးစဉ်သည် သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၏ ဝန်ကြီးတစ်ယောက်၏ ပထမဆုံးခရီးစဉ် ဖြစ်လာပြီး တရုတ်ကို တန်ပြန်ရင်ဆိုင်ရန် အမေရိကန်၏ အနေအထားကို ဒေသတွင်း ဆက်ဆံရေးတွင် ပိုမိုခိုင်မာစေရန် အလေးအနက်ကြိုးစားခြင်းဖြစ်သည်။

အမေရိကန်က တရုတ်အား တန်ပြန်ရင်ဆိုင်ခြင်းကို အမျိုးသားလုံခြုံရေးမူဝါဒ၏ ဗဟိုချက်တွင် နှစ်ပေါင်းများစွာ ထားရှိခဲ့ပြီး ဘိုင်ဒင်အစိုးရက တရုတ်အစိုးရနှင့် ပြိုင်ဆိုင်မှုကို ယခုရာစုနှစ်၏ အရေးကြီးဆုံး ပထဝီနိုင်ငံရေး ဆိုင်ရာ စမ်းသပ်မှုဟု ခေါ်ဆိုခဲ့သည်။

သမ္မတသက်တမ်း ၆ လတာကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ဘိုင်ဒင်၏ မဟာဗျူဟာ အသေးစိတ်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ရှာဖွေနေဆဲဖြစ်သည်။

"မိတ်ဖက်တွေနဲ့ မိတ်ဖက်တွေရဲ့တန်ဖိုးတွေ အကြောင်းကို အများကြီး ကျွန်တော်ပြောနေတာကို ခင်ဗျားတို့ ကြားပါလိမ့်မယ်" ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က အလက်စကာသို့ ခရီးမတိုင်ခင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ ကျွန်တော့် ရည်မှန်းချက်က ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဖို့ပါ” ဟု သူက ပြောသည်။

ဇူလိုင်လ ၂၇ရက်တွင် စင်္ကာပူနိုင်ငံ၌ ပြောကြားသည့် အဓိကမိန့်ခွန်းနှင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တွင် ပြုလုပ် မည့် အစည်းအဝေးများတွင် အော်စတင်က တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသော အပြုအမူများ နှင့် ဒေသတွင်း လွတ်လပ်မှုနှင့် ပွင့်လင်းမှုရှိရေးသည် အရေးကြီးကြောင်း အလေးပေး ပြောကြားမည်ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်သည် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးရှာမန်း၏ ဇူလိုင်လ ၂၅ရက်နှင့် ၂၆ရက်တွင် တရုတ်ပြည်သို့ ပထမဆုံး သွားရောက်သည့် ခရီးစဉ်နှင့် ကပ်လျက်ခရီးစဉ်ဖြစ်ပြီး တရုတ်ကို တန်ပြန်ရင်ဆိုင်ရန် နောက်ထပ် အရေးပါသော လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် အိန္ဒိယသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်း၏ အိန္ဒိယခရီးစဉ်နှင့် တစ်ချိန်တည်း ဖြစ်နေသည်။

အော်စတင်၏ ခရီးစဉ်သည် အရှေ့တောင်အာရှသည် ဘိုင်ဒင်အစိုးရအတွက် အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်းရှင်းရှင်းလင်းလင်းဖော်ပြရန်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required