အမေရိကန် အကောက်ခွန်အရာရှိကို လိင်ဖြင့် လာဘ်ထိုးရန်ကြိုးစားသည့် တရုတ်အမျိုးသမီး တရားစွဲခံရ

အမေရိကန် အကောက်ခွန်အရာရှိကို လိင်ဖြင့် လာဘ်ထိုးရန်ကြိုးစားသည့် တရုတ်အမျိုးသမီး တရားစွဲခံရ

နယူးယောက်၊ ဒီဇင်ဘာ-၁၀ ။               ။ အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအရာရှိတစ်ယောက်အား သမီးဖြစ်သူကို နိုင်ငံအတွင်းသို့ ခွင့်ပြုမထားသည့် ကုန်စည်များကို ယူဆောင်ခွင့်ပြုလျှင် လိင်ဖျော်ဖြေပေးမည်ဟု ကမ်းလှမ်းခဲ့သည့် တရုတ်အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာ ၇ ရက်နေ့က ဘရွတ်ကလင်း ရုံးတော်တွင် တရားစွဲဆိုခဲ့သည်။

အဆိုပါ ဖြစ်ရပ်မှာ ဇူလိုင်လက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟုန်ယန်း (၅၅နှစ်)ကို အခွန်လိမ်လည်မှုဖြင့် လွန်ခဲ့သည့် ရက်သတ္တပတ်က အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနမှ ဧဂျင့်များက ဖမ်းဆီးခဲ့သည်။

တနင်္လာနေ့တွင် ရုံးတော်က ကြားနာစစ်ဆေးမှုအရ မင်ဟက်တန် နည်းပညာဖက်ရှင်ကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်သည့် သမီးဖြစ်သူမှာ ကာလတန်ဖိုး ကန်ဒေါ်လာ ၁၆၀၀၀၀ တန်ကြေးရှိသည့် လက်ပတ်နာရီများ၊ သိုးမွေးကုတ်အင်္ကျ ီတစ်ထည်နှင့် စိန်ရတနာတို့ကို စစ်ဆေးတွေ့ရှိသွားပြီးနောက်တွင် ဟုန်က နယူးယောက် ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်ကြီးမှ အရာရှိကို လာဘ်ထိုးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်ဟု ဆိုသည်။ ဟုန်၏ ညီမအပါအဝင် သားအမိနှစ်ယောက်မှာ ပါရီမှ Air France လေကြောင်းလိုင်းဖြင့် ရောက်ရှိလာကြခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံတွင် နေထိုင်သည့် ဟုန်က ကနဦးတွင် အရာရှိအား သူမ၏ ငယ်နာမည်နှင့် ဖုန်းနံပါတ် ရေးသားထားသည့် စာကို ပေးခဲ့သည်ဟု နယူးယောက် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။ အကယ်၍ မသိယောင်ဆောင်နေပြီး သူတို့ကို ဖြတ်သန်းခွင့်ပြုပါက အရာရှိကို ကန်ဒေါ်လာ ၁၀၀၀၀ပေးမမည်ဟုလည်း ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။

ထိုခဏတွင် အရာရှိက တစ်ဆိတ်ဟု အကြောင်းပြကာ ဝှက်ထားသည့် အသံသွင်းစက်ကို ဖွင့်လိုက်ပြီး ပြန်လှည့်လိုက်သည့်အခါတွင် ကွာရှင်းထားသည့် ဟုန်က နောက်တစ်မျိုး ကမ်းလှမ်းလာပြန်သည်ဟု ဆိုသည်။ ဤအကြိမ်တွင်မူ သူမက သူနှင့် အတူအိပ်ပြီး တရုတ်သို့ ခေါ်သွားမည်ဟု ကမ်းလှမ်းလာသည်ဟု ဆိုသည်။

ဟုန်ကိုမူ လေဆိပ်တွင် မဖမ်းဆီးဘဲ ထွက်ခွာခွင့်ပြုခဲံသည်ဟု တရားခံရှေ့နေ ရောဘတ် ဂေါ့လီယက်က ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က တရုတ်သို့ပြန်မည့် လေယာဉ်ပေါ်သို့ တက်ရောင်စဉ်တွင်မှ ဖမ်းဆီးကာ တနင်္လာနေ့က ရုံးတော်တွင် တရားစွဲဆိုခဲ့ခြင်းပင်ဖြစ်သည်။

ဟုန်မှာ လက်ရှိတွင် ကန်ဒေါ်လာ ၂၅၀၀၀၀အာမခံဖြင့် သမီးဖြစ်သူ၏ မင်ဟက်တန်တိုက်ခန်းတွင် နေထိုင်လျှက်ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly