စင်္ကာပူက မြန်မာထံ Oxygen Concentrator အလုံးရေ ၂၀၀ ပေးပို့မည်

စင်္ကာပူက မြန်မာထံ Oxygen Concentrator အလုံးရေ ၂၀၀ ပေးပို့မည်

ဇူလိုင် ၂၈

မြန်မာနိုင်ငံ၏ ကိုဗစ် ကပ်ရောဂါ တိုက်ဖျက်မှုကို ထောက်ကူပံ့ပိုးရန်အတွက် စင်္ကာပူနိုင်ငံက မြန်မာသို့ oxygen concentrator အလုံးရေ ၂၀၀ ကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က ဇူလိုင် ၂၈ ရက်တွင် ပြောသည်။

၁၀ လီတာ oxygen concentrator များကို စင်္ကာပူကြက်ခြေနီအသင်းကနေတဆင့် ပေးပို့ထောက်ပံ့မည်ဖြစ်ပြီး ယင်းတို့ကို ကူးစက်ခံ လူအစုအဖွဲ့များထံ ဖြန့်ဖြူးရန်အတွက် အဆိုပါ စင်္ကာပူ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ လုပ်ဆောင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈၀,၀၀၀ နီးပါး ရှိနေကြောင်း ထုတ်ဖော်ထားပြီး ယင်းတို့အနက် ၁၂၀,၀၀၀ ကျော်သည် ပြီးခဲ့သည့်လ တစ်လတည်းမှာပင် တွေ့ရှိထားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါ ကပ်ရောဂါကြောင့် သေဆုံးသူ ၇,၈၀၀ ကျော် ရှိနေပြီး ယင်းတို့အနက် သေဆုံးမှု ၄,၅၀၀ ကျော်သည် ပြီးခဲ့သည့်လက ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ကူးစက်မှုများသည် ဇွန်လနောက်ပိုင်း တဟုန်ထိုး မြင့်တက်ထားခဲ့ပြီး နိုင်ငံတွင် ဇူလိုင်လ၌ ကူးစက်သူသစ်တွေ့ရှိမှုနှင့် သေဆုံးမှုပိုင်းတွင် နေ့အလိုက် အမြင့်ဆုံး စံချိန်မှတ်တမ်းများ တင်ထားကြောင်း Johns Hopkins University & Medicine က ပြုစုသော ဒေတာများအရ သိရသည်။

ယခု ပံ့ပိုးမှုမတိုင်မီ စင်္ကာပူသည် အစောပိုင်းက မြန်မာထံ PCR စက်များ၊ ရောဂါစစ်ဆေးရေး ကိရိယာများ၊ ဆေးရုံသုံး နှာခေါင်းစည်းများ၊ လက်သန့်ဆေးများနှင့် အခြား ‌ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို ပေးပို့ထောက်ပံ့ပေးထားကြောင်း MFA က ပြောသည်။

“ကိုဗစ်-၁၉ ကို တိုက်ဖျက်ရာမှာ စင်္ကာပူအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ တစည်းတလုံးတည်း ရှိပါတယ်” ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly