ကိုဗစ် အကျပ်အတည်းဖြစ်နေချိန် နိုင်ငံတကာအကူအညီ ရရှိရေး စစ်အုပ်စု ကြိုးပမ်း

ကိုဗစ် အကျပ်အတည်းဖြစ်နေချိန် နိုင်ငံတကာအကူအညီ ရရှိရေး စစ်အုပ်စု ကြိုးပမ်း
Photo - AFP

ဇူလိုင် ၂၈

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများကို ကိုင်တွယ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ အကူအညီ တောင်းခံရေးအတွက် လုပ်ဆောင်နေကြောင်း စစ်အုပ်စုထိန်းချုပ်သည့် နိုင်ငံပိုင်မီဒီယာတစ်ခုက ဇူလိုင် ၂၈ ရက်တွင် ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူများသည် ယခုအခါ ကပ်ရောဂါလှိုင်းသစ်တစ်ခုကို တုံ့ပြန်တိုက်ဖျက်နိုင်ရေး ရုန်းကန်နေရချိန် ယင်းတို့၏ အဓိကမဟာမိတ် တရုတ်ကို ကျော်လွန်ပြီး မျှော်ကြည့်လာနေခြင်းလည်း ဖြစ်သည်။

နိုင်ငံတွင် ဖေဖေါ်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ဆေးဘက်ဆိုင်ရာ အမှုထမ်းအများအပြား လုပ်ငန်းခွင်များကနေ သပိတ်မှောက် ထွက်ခွာထားခဲ့ကြပြီးနောက် ယခုအခါ ဆေးရုံအများအပြားသည် ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ တစ်ဟုန်ထိုးမြင့်တက်နေမှုကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

လူသန်းနှင့်ချီအပေါ် သက်ရောက်သည့် နေအိမ်၌သာ နေထိုင်စေခြင်း ညွှန်ကြားချက်များသည်လည်း ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်မှုကို ဟန့်တားနိုင်ခြင်း မရှိသေးသလို မီးသင်္ဂြိုလ်ရုံများတွင်လည်း စုပုံနေသော အလောင်းများကို မီးသင်္ဂြိုလ်နိုင်ရန် အပြင်းအထန် ကြိုးစားနေခဲ့ရကာ စေတနာ့ဝန်ထမ်းများသည်လည်း နေအိမ်များတွင် သေဆုံးသွားကြသူများ၏ ရုပ်အလောင်းများကို ကူညီ သယ်ဆောင်ပေးနေကြရသည်။

မြန်မာအနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ထူထောင်ထားသည့် ကိုဗစ်-၁၉ တုံ့ပြန်ရေး ရန်ပုံငွေတစ်ခုကနေ ငွေကြေး တောင်းခံသင့်ကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးတစ်ခုတွင် ပြောခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ နှင့်အတူ လက်တွဲလုပ်ဆောင်ရန် ကြိုးပမ်းအားထုတ်မှုများ ရှိနေကြောင်း Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့ပြီး အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၅,၀၀၀ အောက်တွင် ရှိဟု ဇူလိုင် ၂၈ ရက်တွင် ထုတ်ဖော်ထားခဲ့သော်လည်း အမှန်တကယ် ရှိနေမည့် ကိန်းဂဏန်းများမှာ ယင်းထက် အတော်ပင် ပိုမိုမြင့်မားနေနိုင်ကြောင်း အကဲခတ်များက ပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly