ဘင်္ဂလားဒေ့ရှ်မှာ မြေပြိုမှုတွေကြောင့် ရိုဟင်ဂျာ ၆ ဦး သေဆုံးပြီး လူထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့

ဘင်္ဂလားဒေ့ရှ်မှာ မြေပြိုမှုတွေကြောင့် ရိုဟင်ဂျာ ၆ ဦး သေဆုံးပြီး လူထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့
Photo: AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရှေ့တောင်ဘက်ရှိ ဒုက္ခသည်ကမ့်စခန်းတွေမှာ မုတ်သုန်မိုးကြီးပြီး ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ဇူလိုင် ၂၇ ရက်က ရိုဟင်ဂျာ ခြောက်ဦးထက်မနည်း သေဆုံးပြီး လူထောင်နဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ၀ါးနဲ့ မိုးရေခံဖျင် သုံးပြီး ဆောက်ထားတဲ့ တဲအိမ်တွေအပေါ် မြေပြိုကျမှု ဖြစ်ပြီးနောက် ကလေး သုံးဦးအပါအ၀င် ရိုဟင်ဂျာ ငါးဦး ပိမိ သေဆုံးသွားတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာ ရှား ရက်ဇ်၀မ် ဟေယက်တ်က ပြောပါတယ်။

“ရက်တွေနဲ့ချီ မိုးကြီးခဲ့တာကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်” လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။

တချိန်တည်းမှာလည်းပဲ ပါလောင်ခါလီ ကမ့်စခန်းမှာ နောက်ထပ် ရိုဟင်ဂျာ ကလေးတစ်ဦး  ချောင်းတစ်ခုထဲမှာ ရေနစ်သေဆုံးသွားတယ်လို့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် ကမ့်စခန်းတွေအနီးက ချောင်းတွေ အားလုံး ရေကြီးခဲ့တယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

“ဒဏ်ရာရတဲ့ လူနှစ်ယောက်ကိုတော့ ကျွန်တော်တို့ ကယ်ဆယ်ပြီး ဆေးရုံပို့ထားပေးပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

အခြား ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ မိသားစုတွေကိုတော့ ဘေးကင်းစေဖို့အတွက် နေရာပြောင်းရွှေ့ပေးထားမှုတွေ လုပ်ထားတယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

မြန်မာနဲ့ နယ်စပ် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် ကော့ဇ်ဘဇား ခရိုင်မှာ ရှိတဲ့ လူပြည့်ကျပ်နေတဲ့ ကမ့်စခန်းတွေမှာ ရိုဟင်ဂျာ တစ်သန်းနီးပါး နေထိုင်နေကြလျက် ရှိပါတယ်။

ရိုဟင်ဂျာ ၇၄၀,၀၀၀ လောက်ကတော့ ၂၀၁၇ သြဂုတ်လက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်တဲ့ နယ်မြေရှင်းလင်းမှုတစ်ခုကနေ လွတ်မြောက်ဖို့အတွက် ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးထားခဲ့ကြရပါတယ်။

ဧက ၇,၀၀၀ (၂,၈၃၂ ဟက်တာ) ရှိ အခြေချနေရာတွေအတွင်း တောင်ကြားချိုင့်၀ှမ်းတွေမှာ နေထိုင်ကြသူတွေအပါအ၀င် အဆိုပါဒုက္ခသည် မိသားစုတွေကတော့ နှစ်စဥ်နှစ်တိုင်း မုတ်သုံရာသီအတွင်း မြေပြိုမှု အန္တရာယ်နဲ့ ဆက်လက် ရင်ဆိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့လကလည်း မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ ဒုက္ခသည်နှစ်ဦး သေဆုံးခဲ့ရပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly