မြန်မာအာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို အမေရိကန်ကာကွယ်ရေး၀န်ကြီး ဝေဖန်ပြစ်တင်

မြန်မာအာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို အမေရိကန်ကာကွယ်ရေး၀န်ကြီး ဝေဖန်ပြစ်တင်
Photo: EPA

အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်ဒ် အော်စတင်က မြန်မာအာဏာသိမ်းစစ်တပ် လုပ်ဆောင်ထားသည့် လုပ်ရပ်များအ‌ပေါ် ဇူလိုင် ၂၇ ရက်က ဝေဖန်ရှုတ်ချသွားခဲ့ပြီး မြန်မာတွင် အကြမ်းဖက်မှုများ အဆုံးသတ်စေရေးအတွက် ဆက်လက် တောင်းဆိုသွားရန် ဒေသတွင်း အုပ်စုတစ်ခုကိုလည်း ၎င်းက တိုက်တွန်းသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီလ ၁ ရက်က စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ထိုအာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူများအပေါ် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့၀င်များက အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းထားခဲ့သည်။

ဧပြီလက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အကြား ရရှိထားခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်အပါအ၀င် အကျပ်အတည်း ဖြေရှင်းရေး အာဆီယံအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း အော်စတင်က ချီးကျူးသွားခဲ့သည်။

ဘုံသ‌ဘောတူညီချက် ငါးချက်တွင် အကြမ်းဖက်မှု ချက်ချင်း အဆုံးသတ်ရေး၊ သက်ဆိုင်သူ အားလုံးအကြား ဆွေးနွေးညှိနှိုင်းမှု စတင်ရေး၊ ဆွေးနွေးမှုများတွင် အာဆီယံအထူးသံတမန်တစ်ဦးက ကြား၀င်စေ့စပ်ရေးတို့ ပါ၀င်နေခဲ့သည်။ သို့သော် အဆိုပါ အာဆီယံအထူးသံတမန်ကို ယခုအချိန်အထိ မခန့်အပ်ရသေးပေ။

“မြန်မာပြည်သူတွေရဲ့ အမြဲထာ၀ရဖြစ်တဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ သူတို့ရဲ့ အခြေခံကောင်းကျိုးသုခကို ကာကွယ်ဖို့ မြန်မာစစ်တပ်ဘက်က ငြင်းဆန်တာက ဘယ်လိုမှကို လက်ခံနိုင်စရာ မရှိပါဘူး” ဟု အော်စတင်က စင်္ကာပူရှိ ဟောပြောပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

“စစ်တပ်တစ်ခုဆိုတာ တကယ်တော့ သူ့ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ပဲ ရှိနေရမှာဖြစ်ပါတယ်၊ တခြား ဘာအရာမှ လုပ်ရမှာမဟုတ်ပါဘူး၊ ဒီတော့ မြန်မာစစ်တပ်ကို အာဆီယံ ဘုံသဘောတူညီချက် ငါးခုကို လိုက်နာဖို့နဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ဖော်ဆောင်စေဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ပင်တဂွန်အကြီးအကဲက ပြောသွားခဲ့သည်။

“အာဆီယံကလည်း အဓိက အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်နေတယ်ဆိုတာ သိသာထင်ရှားပါတယ်၊ ဒါကြောင့် ဒီအရေးကိစ္စမှာ ဆက်လက် ပါ၀င်လုပ်ဆောင်စေဖို့ အာဆီယံကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟုလည်း အော်စတင်က ပြောခဲ့သည်။

ထို့ပြင် မြန်မာစစ်တပ် “မှန်ကန်သည့် လမ်းကြောင်းအတိုင်း သွားရေး” နှင့် ဖမ်းဆီးအကျဉ်းချထားသည့် အရပ်သားများကို ပြန်လွှတ်ပေးစေရေးအတွက် တွန်းအားပေး တိုက်တွန်းရန် အမေရိကန်အနေဖြင့် ဒေသတွင်းရှိ ပါတနာများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု အော်စတင်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required