အိုင်အက်စ်ခြိမ်းခြောက်မှုကို တွန်းလှန်နိုင်ရေး အနောက်နိုင်ငံများတွင် ပျော့ကွက်များရှိ်နေဆဲဟု ကျွမ်းကျင်သူများသုံးသပ်

အိုင်အက်စ်ခြိမ်းခြောက်မှုကို တွန်းလှန်နိုင်ရေး အနောက်နိုင်ငံများတွင် ပျော့ကွက်များရှိ်နေဆဲဟု ကျွမ်းကျင်သူများသုံးသပ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ။             ။ အိုင်အက်စ်အုပ်စုသည် အီဂျစ်နိုင်ငံပေါ်တွင် ခရီးသည်တင်လေယာဉ်တစ်စင်းကို ပစ်ချခဲ့သည်။ ပါရီကဖေးများနှင့် အခြားအရပ်ဘက်ပစ်မှတ်များကိုလည်း ပစ်ခတ်သည်။ လွန်ခဲ့သည့်သီတင်းပတ်ကပင် ကယ်လီဖိုးနီးယားတွင် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

အနောက်အုပ်စုသည် ခြိမ်းခြောက်မှုကို တွန်းလှန်နိုင်ရေးမှာ ပျော့ကွက်များရှိနေပြီး တွက်ဆနိုင်သော အနာဂါတ်အတွက်လည်း အားနည်းချက်များရှိနေဦးမည်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုအားလုံးအတွက် အိုင်အက်စ်က တိုက်ရိုက်ထိန်းချုပ်မှု လုပ်ချင်မှ လုပ်မည်ဖြစ်သော်လည်း အိုင်အက်စ်က ယင်းသို့တိုက်ခိုက်မှုများကို မြောက်ပင့်ပေးနိုင်သည်။ ကြိုဆိုနိုင်သည်။ ချီးကျူးဂုဏ်ပြုမှုလုပ်နိုင်သည်ဟု လေ့လာသူများက ပြောသည်။

အသားကျကာ ပို၍နက်ရှိုင်းသည့် အစွန်းရောက်စိတ်ဓါတ်နှင့် အတူ အိမ်ပြန်ရန်စိတ်ကူးရှိသော နိုင်ငံခြားသားစစ်သွေးကြွထောင်ပေါင်းများစွာကြောင့် အခြေအနေကို မကြာမီပြောင်းလဲပစ်ရေးမှာ   ဖြစ်နိုင်ခြေမရှိဟုလည်း ၎င်းတို့ကပြောသည်။

"လွန်ခဲ့တဲ့နှစ်က ကျွန်တော်စကားပြောခဲ့တဲ့ ဥရောပကလုံခြုံရေးတပ်ဖွဲ့တိုင်းဟာ နိုင်ငံခြားသားတိုက်ခိုက်ရေးပြသနာကြောင့် ခြောက်ခြားနေတယ်။ အဲဒီအတွက် အဖြေကလည်း မရှိသလောက်ပဲ"ဟု ယခုအခါ Brookings Institution တွင်အလုပ်လုပ်နေသော စီအိုင်အေအရာရှိဟောင်းတစ်ဦးဖြစ်သူ ဘရုစ်ရီဒဲလ်က ပြောသည်။

ဒီဇင်ဘာ ၈ က ထောက်လှမ်းရေးအတိုင်ပင်ခံအုပ်စု Soufan Group က အစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့ပြီး ၂၀၁၁ ကစ၍ ယခုအထိ အီရတ်နှင့် ဆီးရီးယားသို့ သွားရောက်ခဲ့သည့်   နိုင်ငံခြားသား တိုက်ခိုက်ရေးသမား အရေအတွက်မှာ အနည်းဆုံးနိုင်ငံပေါင်း ၈၆ နိုင်ငံမှ ၂၇,၀၀၀မှ ၃၁,၀၀၀အထိရှိမည်ဟု ယူဆရကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ယင်းပမာဏက လွန်ခဲ့သည့် တစ်နှစ်ကထက် နှစ်ဆပိုများသည်။

"လူတွေကို သူတို့ပြန်လာတဲ့အခါ စောင့်ကြည့်နေရတဲ့ ပြသနာကို စဉ်းစားကြည့်ပါ။ သူတို့အားလုံးကို ထောင်ထဲထည့်ရမှာပါ။ သူတို့အများစုက ၄၈ နာရီအတွင်းလွတ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ ပြင်သစ်မှာ ဒါမှမဟုတ် ဘဲလ်ဂျီယမ်မှာ ပြစ်မှုမကျူးလွန်ခဲ့ဘူး"ဟု ဥရောပ၏ ပြန်လာသူတိုက်ခိုက်ရေးသမားများနှင့်ပတ်သက်ကာ ရီဒဲလ်က ပြောကြားခဲ့သည်။

"နောက်ပြီးတော့ ဆီးရီးယား ဒါမှမဟုတ် အီရတ်မှာ သူတို့ပြစ်မှုကျူးလွန်ခဲ့သလား သက်သေပြဖို့ဆိုတာ သိပ်ခက်ပါတယ်။ သူတို့မှာ ပြစ်မှုတစ်ခုကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိသလား။ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့မှာ ပြစ်မှုတစ်ခု ကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ သံသယရှိရုံနဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ သူတို့ကို ထောင်ထဲထည့်လို့ မရပါဘူး"ဟု ၎င်းကပြောသည်။

ထောင်ပေါင်းများစွာသော သံသယရှိသူများကို အနီးကပ်စောင့်ကြည့်ရေးမှာ အနောက်နိုင်ငံများ၏ လုံခြုံရေးနှင့် စစ်ရေးတပ်ဖွဲဝင်အင်အား အလုံအလောက်ဖြင့် ၂၄ နာရီလုံးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ "ဒီလိုလုပ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့မှာ ကြီးမားတဲ့ပြသနာရှိပါတယ်"ဟု ရီဒဲလ်ကဆိုသည်။

အရှေ့အလယ်ပိုင်းမှ အိမ်ပြန်လာသော စစ်သွေးကြွများအပြင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်နာဒီနိုတွင် လွန်ခဲ့သည့် သီတင်းပတ်က လူ ၁၄ ဦးကို ပစ်သတ်ခဲ့သော စုံတွဲကဲ့သို့ မသိရသည့်   ထောက်ခံသူများကိုလည်း အိုင်အက်စ်တို့က အားထားနိုင်သည်။

အစွန်းရောက်ဖြစ်သွားသည့် ယင်းကဲ့သို့လူများမှာ အိုင်အက်စ်အုပ်စုနှင့် တိုက်ရိုက်ဆက်သွယ်မှုမရှိသကဲ့သို့ တိုက်ခိုက်မှုမပြုလုပ်မီ ၎င်းတို့အားမည်သူကမျှ သတိမထားမိတတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly