ဘတ်စ်ကားတိုက်ခိုက်မှုဖြစ်စဉ်၌ တရုတ်အင်ဂျင်နီယာ ၉ ဦး သေဆုံးပြီးနောက် တရုတ်က ပါကစ္စတန်ရှိ စီမံကိန်းများကို ရပ်ဆိုင်းထား

By Yahoo/ANI
27 July 2021
ဘတ်စ်ကားတိုက်ခိုက်မှုဖြစ်စဉ်၌ တရုတ်အင်ဂျင်နီယာ ၉ ဦး သေဆုံးပြီးနောက် တရုတ်က ပါကစ္စတန်ရှိ စီမံကိန်းများကို ရပ်ဆိုင်းထား

ပါကစ္စတန်နိုင်ငံတွင် ဘတ်စ်ကား တိုက်ခိုက်ခံရမှုဖြစ်စဉ်တစ်ခုအတွင်း တရုတ်အင်ဂျင်နီယာ ကိုးဦး အသက်ဆုံးရှုံးခဲ့ပြီးနောက် ပေကျင်းသည် ပါကစ္စတန်ရှိ ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို ရပ်ဆိုင်းထားသလို BRI စီမံကိန်းအတွက် ယင်း၏ အဆင့်မြင့်လယ်ဗယ် ပူးတွဲကော်မတီ အစည်းအဝေးကိုလည်း နောက်ဆုတ်ရွှေ့ဆိုင်းထားကြောင်း သိရသည်။

ကိုဟစ်စတန်ဒေသရှိ တရုတ် ဦးဆောင်သော ဒါဆု ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မှုအတွင်း ဘတ်စ်ကား တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် တရုတ်အင်ဂျင်နီယာ ကိုးဦးအပါအ၀င် လူ ၁၃ ဦး သေဆုံးခဲ့သည်။ ဘတ်စ်ကား ပေါက်ကွဲမှုဖြစ်စဉ်သည် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုကြောင့်ဖြစ်သည့် မတော်တဆမှုသာဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးရုံးက ပြောခဲ့သည်။ ယင်းကဲ့သို့ ပြောကြားချက်အပေါ် ပေကျင်းဘက်မှ အပြင်းအထန် တုံ့ပြန်ခဲ့ပြီး ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးရန် အစ္စလမ်မာဘတ်ကို တောင်းဆိုထားကြောင်း Nikkei Asia က ဖော်ပြသည်။

“သိသာထင်ရှားတာတစ်ခုက CPEC အကြီးစား ပရောဂျက်ကို ပိတ်ပင်ဖို့ ကြိုးပမ်းမှုတွေ ရှိနေတာဖြစ်ပါတယ်၊ အရင်တုန်းကတော့ ဘာလူချစ်စတန် ပြည်နယ်က CPEC ရဲ့ အစွန်အဖျား ဧရိယာတွေမှာပဲ တိုက်ခိုက်မှုတွေက ပစ်မှတ်ထားဖြစ်ပေါ်ခဲ့တာပါ၊ ခုတစ်ကြိမ်မှာတော့ တရုတ်နဲ့ နီးနီးကပ်ကပ်ပဲ ဖြစ်သွားခဲ့တာပါ” ဟု အကြမ်းဖက်မှုအကြောင်း သတင်း‌ရေးသားဖော်ပြနေသည့် အကြီးတန်းအကဲခတ်တစ်ဦးဖြစ်သော ဖာခါ ကာကက်ဟဲလ်က ပြောသည်။

နောက်ပိုင်းတွင် ဘတ်စ်ကား ဖြစ်စဉ်ဖြစ်ပွားသည့် နေရာတွင် ပေါက်ကွဲစေသော ပစ္စည်းများနှင့်ပတ်သက်ပြီး သဲလွန်စများကို ပါကစ္စတန် တာ၀န်ရှိသူများ ရှာတွေ့ထားခဲ့သည်။ လူ ၁၅ ဦးပါ တရုတ် စုံစမ်းစစ်ဆေးရေးမှူးများပါ၀င်သည့် အဖွဲ့တစ်ခုလည်း ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ပါကစ္စတန်သို့ ရောက်ရှိနေခဲ့သည်။

ကနဦးတုံ့ပြန်မှုအဖြစ် ပေကျင်းသည် ဒေါ်လာ ၅၀ ဘီလီယံတန် CPEC ပရောဂျက်၏ အဓိက တာ၀န်ယူထားသည့် အဖွဲ့ဖြစ်သော ပူးတွဲ ညှိနှိုင်းချိတ်ဆက်ရေး ကော်မတီ၏ ၁၀ ကြိမ်မြောက် အစည်းအဝေးကို နောက်ဆုတ်ရွှေ့ဆိုင်းခဲ့သည်။ ယင်းအပြင် ဒါဆု ရေအားလျှပ်စစ် စီမံကိန်းရှိ လုပ်ငန်းများကို ပေကျင်းက ဆိုင်းငံ့ထားကြောင်း Nikkei Asia က ဖော်ပြသည်။

ယခု တိုက်ခိုက်မှုသည် ပါကစ္စတန်ရှိ တရုတ်၏ အကျိုးစီးပွားများအပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်ဟု ပညာရှင်များက ယုံကြည်နေသည်။ အာဖဂန်နစ္စတန်တွင် စိုးရိမ်စရာ အခြေအနေကလည်း ပါကစ္စတန်တွင် အကျပ်အတည်းဒုက္ခများကို ပိုမိုဖြစ်စေရန် ဦးတည်နေပြီး ယင်းတွင် CPEC က အဓိကပစ်မှတ်ဖြစ်လာရန် ရှိနေကြောင်း ကာကက်ဟဲလ်ကို ကိုးကားပြီး Nikkei Asia က ဖော်ပြသည်။

အလားတူ ပါကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံသား အမှုထမ်းများ ရင်ဆိုင်နေရသော လုံခြုံရေး အန္တရာယ်များကို ခွဲခြားဖော်ထုတ်ရန်လည်း ပေကျင်းက အစ္စလမ်မာဘတ်ကို တိုက်တွန်းတောင်းဆိုထားသည်။

ပါကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံသား ကိုးဦး သေဆုံးခဲ့သည့် မကြာ‌သေးခင်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံတော် ကောင်စီ၀င်၊ အများပြည်သူလုံခြုံရေး၀န်ကြီး ကျောင် ကဲ့ကျီသည် ပါကစ္စတန် ပြည်ထဲရေး၀န်ကြီး ရှိတ် ရာရှစ်ဒ် အာမက်ဒ်နှင့် ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံသားများအပေါ် တိုက်ခိုက်မှုများ မကြာခဏ ပေါ်ပေါက်နေခဲ့ပြီးနောက် ယခုအခါ ပါကစ္စတန်အနေဖြင့် ယင်းနိုင်ငံရှိ တရုတ် အခြေခံအဆောက်အအုံနှင့် နိုင်ငံသားများကို အကြမ်းဖက်အုပ်စုများအန္တရာယ်မှ ကာကွယ်ပေးနိုင်ကြောင်းကို ပေကျင်းကို သိမ်းသွင်းစည်းရုံးသွားရတော့မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required