အာဖဂန်တွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများအား နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေး

By khaama.com
27 July 2021
အာဖဂန်တွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများအား နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေး

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များသည် ရာနှင့်ချီသော အစိုးရဝန်ထမ်းများနှင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည်ဟု ကန်ဒဟာပြည်နယ် တောင်ပိုင်းရှိ စပင်ဘိုလ်ဒက်ဒေသရှိ သတင်းရင်းမြစ်များက လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သို့ ပြောကြားခဲ့သည်။

တာလီဘန်များက အဆိုပါ စွပ်စွဲချက်ကို ငြင်းဆန်ထားသည်။

ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ တာလီဘန်များသည် လူပေါင်း ၃၀၀ ကျော်အား အတိအကျ မဖော်ပြနိုင်သည့် နေရာတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

“ ကန်ဒဟာက တာလီဘန်တပ်တွေက အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ရက်စက်မှုတွေ ထပ်မံကျူးလွန်နိုင်တဲ့အတွက် အလွန်အမင်းစိုးရိမ်ပူပန်မိပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အာရှဆိုင်ရာ တွဲဘက် ဒါရိုက်တာ ပက်ထရီရှာ ဂေါစမန်းက ပြောကြားခဲ့သည်။

တာလီဘန်များသည် အာဖဂန်အမျိုးသားလုံခြုံရေးအဖွဲ့(ANDSF) အဖွဲ့ဝင်ဟောင်းများကို သူတို့၏ လုံခြုံရေးအတွက်ဆိုကာ စာရင်းသွင်းခိုင်းပြီး တစ်လတစ်ကြိမ် အစီရင်ခံခိုင်းထားကြောင်း ကန်ဒဟာန်ပြည်နယ်ရှိ ဒေသခံတက်ကြွလှုပ်ရှားသူများက HRW သို့ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် မည်သည့်ဘက်မှမဆို ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် ရက်စက်ယုတ်မာမှုများအား နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးလျက်ရှိသည်။

ရက်စက်မှုများနှင့် သတ်ဖြတ်မှုများကို ရပ်တန့်စေရန်အတွက် တာလီဘန်များအား တောင်းဆိုသင့်ကြောင်း အာဖဂန်နစ္စတန်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသော အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အာရှဆိုင်ရာ တွဲဘက် ဒါရိုက်တာ ပက်ထရီရှာ ဂေါစမန်းက ပြောကြားခဲ့သည်။

ပါကစ္စတန်သို့ သွားရန် ဖြတ်သန်းသွားရသည့် စပင်ဘိုလ်ဒက်ဒေသကို တာလီဘန်များသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ထိုဒေသကို ၈ ရက်အကြာတွင် သိမ်းပိုက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required