ဝီဂါများကို တရုတ်အစိုးရက ဖိနှိပ်မှုများကြောင့် နယ်သာလန်မြို့က ဝူဟန်မြို့နှင့် ဆက်ဆံမှုဖြတ်တောက်

ဝီဂါများကို တရုတ်အစိုးရက ဖိနှိပ်မှုများကြောင့် နယ်သာလန်မြို့က ဝူဟန်မြို့နှင့် ဆက်ဆံမှုဖြတ်တောက်

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ် ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဝီဂါလူနည်းစုအား တရုတ်အစိုးရ၏ မတရားပြုမူ ဆက်ဆံမှုကြောင့် နယ်သာလန်နိုင်ငံ အရှေ့ပိုင်းရှိ မြို့တော်ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က ဝူဟန်မြို့နှင့် ညီအစ်မမြို့တော် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။

ရှင်ကျန်းပြည်နယ်ရှိ မွတ်စလင် ဝီဂါလူနည်းစုကို ပစ်မှတ်ထားသော တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုးကားပြီး ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့သော ပူးပေါင်းမှုကို ရပ်တန့်ရန် အဆိုပြုချက်ကို Arnhem မြို့တော် ကောင်စီဝင်အများစုက အတည်ပြုခဲ့သည်ဟု နယ်သာလန် NOS ရုပ်သံမှ သတင်းထုတ်လွှင့်ခဲ့သည်။

ညီအစ်မမြို့တော် အစီအစဉ်ဆိုသည်မှာ မတူသည့် နိုင်ငံများမှ မြို့များအချင်းချင်း စီးပွားရေးအကျိုးအမြတ်ရရှိရန်၊ လူအချင်းချင်းဆက်ဆံမှုတိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်မှုများ ပိုမိုကောင်းမွန်ရေးကို အားပေးရန်ဖြစ်သည်။

တရုတ်၏ ပါဝါအပျော့နှင့် ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုတိုးမြှင့်ရန် နည်းလမ်းအဖြစ် တရုတ်မြို့များသည် ကမ္ဘာတစ်ဝန်းတွင် မြို့ပေါင်း ၁၄၀ဝ ကျော်နှင့် ညီအစ်မမြို့တော်အဖြစ် ချိတ်ဆက်ထားသည်။

အရှေ့အလယ်ပိုင်းမှသည် ဥရောပနှင့် အခြားတိုက်ကြီးများအထိ ကျယ်ပြန့်သော အခြေခံအဆောက်အဦ၊ ကုန်သွယ်ရေးနှင့် သမ္မတရှီကျင့်ဖျင်၏ များပြားသော ချေးငွေအစီအစဉ်ဖြစ်သော တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်း၏ မူဘောင်အရ ယင်းအစီအစဉ်သည် တရုတ်နှင့် အခြားနိုင်ငံခြားမြို့များအကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖလှယ်မှုများတိုးမြှင့်ပေးခဲ့သည်။

နယ်သာလန်က ပိုးလမ်းမသစ်စီမံကိန်းကို တရားဝင် လက်မှတ်ထိုးခြင်းမရှိပေ။

၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်အား သပိတ်မှောက်ရန်နှင့် ရှင်ကျန်းပြည်နယ်တွင် နေထိုင်သော တူရကီ လူနည်းစုများအပေါ် အခွင့်အရေးချိုး ဖောက်မှုများနှင့် ဝီဂါများက အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုများ အတွက် တာဝန်ရှိသူများ၊ အဖွဲ့အစည်းများက ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ရန် တောင်းဆိုနေစဉ်၊ ဥပဒေ ပြဌာန်းပြီး ဝီဂါများကို တရုတ်က ဖိနှိပ်ခြင်းကြောင့် အနောက်ဒီမိုကရေစီနိုင်ငံများက အပြစ်ပေးသည့် အနေဖြင့် တုံ့ပြန်မှုများပြုလုပ်စဉ် ယခုကဲ့သို့ အဆက်အသွယ်ဖြတ်လိုက်ခြင်းဖြစ်သည်။

နယ်သာလန်နိုင်ငံတွင် နေထိုင်သော ဝီဂါဒုက္ခသည် အာမက်ဂျန် ကာစီမာက အခြား ဝီဂါများနှင့်အတူ ကောင်စီ အစည်းအဝေးမတိုင်မီ ဆန္ဒပြမှုအတွင်း ကောင်စီဝင်အချို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ညီအစ်မမြို့တော် အစီအစဉ်ကို ရပ်တန့်ရန် မြို့တော်ကောင်စီ၏ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required