ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသတွင် ရင်းမြစ်များကို မျှဝေသုံးစွဲရန် မဲဆန္ဒရှင်များက ရွေးကောက်ပွဲ မတိုင်မီ တောင်းဆို

By ANI
27 July 2021
ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသတွင် ရင်းမြစ်များကို မျှဝေသုံးစွဲရန် မဲဆန္ဒရှင်များက ရွေးကောက်ပွဲ မတိုင်မီ တောင်းဆို

ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသရှိ နီလန်တောင်ကြားအရပ်၌ နိုင်ငံရေးပါတီများက ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်မည့် နောက်ဆုံးအဆင့်ရွေးကောက်ပွဲမတိုင်မီ တောင်းဆိုမှုများပြုလုပ်ကြရာတွင် ဓာတ်ငွေ့ရရှိရေး၊ ချိုင့်ခွက်ကင်းရှင်းသည့် လမ်းများ ဖောက်လုပ်ပေးရေးနှင့် နယ်မြေအတွင်း ဓာတ်အားပေးစီမံကိန်းများ ပါဝင်ကြောင်း Anadolu News သတင်းအေဂျင်စီက ဖော်ပြသည်။

လမ်းပန်းဆက်သွယ်ရေးတိုးတက်ခြင်း၊ သဘာဝဓာတ်ငွေ့ကဲ့သို့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါက ယင်းဒေသသည် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာကို နှစ်စဉ် စွဲဆောင်နိုင်သည့် နေရာဖြစ်သည်။ သို့သော် အဆိုပါဒေသကို အချိန်ကာလကြာမြင့်စွာ လစ်လျှူရှုထေားသောကြောင့် ဒေသခံများက မကျေမနပ် စိတ်ပျက်လျှက်ရှိကြသည်။

“မဲဆွယ်စည်းရုံးရေး အစီအစဉ် ရပ်ဆိုင်းသွားခဲ့ပြီး ဒေသခံတွေက ဆိုင်ကယ်သမားများကို ကယ်ဆယ်ဖို့ ခက်ခဲစွာ ကြိုးပမ်းခဲ့ကြရပါတယ်။ သူတို့ထဲက တစ်ဦးသေဆုံးသွားပြီး အများအပြား ဒဏ်ရာရသွားတယ်။ ဒီကိစ္စက ဒီဒေသမှာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ” ဟု ဂျစ်ကားမောင်းသူ ဆာဖီယာကယာနီက ပြောသည်။

မြို့တော် မူဇာဖာရာဘတ်မှ ကီလိုမီတာ ၁၇၀ ဝေးသည် ယင်းဒေသကို ကာလကြာမြင့်စွာ လစ်လျှူရှုထားသောကြောင့် လမ်းတွင် ချိုင့်ခွက်များ ပြည့်နေကြောင်း စားသောက်ဆိုင်ပိုင်ရှင် မက်ရှ်တက်ခ်ရှာဟာက ပြောသည်။

“ဒီရက်တွေမှာ ပုံမှန်လိုပဲ နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေနဲ့သူတို့ကို ထောက်ခံသူတွေက ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်တဲ့ ဒီနေရာလေးကို ကတိအသစ်တွေနဲ့ ရောက်လာတယ်” ဟု ရှာဟာက ပြောသည်။

ဝန်ကြီးချုပ် အီမရန်ခန်း၏Pakistan Tehreek-e-Insaf (PTI) ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် ၎င်း၏ လူ ၃ ဦးတို့၏ ကားသည် ပြီးခဲ့သည့်လအတွင်းက နီလန်မြစ်အတွင်းသို့ ထိုးကျကာ သေဆုံးသွားခဲ့ကြောင်း Anadolu သတင်းဌာနက ဖော်ပြခဲ့သည်။

ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသရှိ နယ်မြေအများအပြားတွင် ဓာတ်ငွေ့မရရှိသောကြောင့် ပြည်သူများသည် ချက်ပြုတ်ရန် ဓာတ်ငွေ့အိုးများနှင့် ထင်းမီးတို့ကို အားထားနေရသည်။ မဂ္ဂါဝပ် ၂၅၀၀ အထိ ထုတ်ပေးနိုင်သည့် ဓာတ်အားပေးစက်ရုံ အကြီးအသေးများ ရှိနေသော်လည်း လျှပ်စစ်မီး လုံလောက်စွာ မရရှိကြပေ။ နယ်မြေအတွင်းရှိ မန်ဂလာတမံနှင့် ဓာတ်အားပေး စီမံကိန်းများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပါကစ္စတန်မြို့ကြီးများသို့ ပို့နေခြင်းကို ဒေသခံများက ကန့်ကွက်လျှက်ရှိသည်။

ဗဟိုအစိုးရအနေဖြင့် ဒေသခံပြည်သူများကို အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိခဲ့ပေ။

ဝန်ကြီးချုပ် အီမရန်ခန်းက အဆိုပါဒေသ ဘဂါနယ်မြေ၌ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ၎င်း၏ ပထမဆုံး ပြည်သူနှင့် တွေ့ဆုံပွဲတွင် ပြည်သူများ စိုးရိမ်နေသည့် ငွေကြေးဖောင်းပွမှု မြင့်တက်နေခြင်း ပြဿနာကို ဖြေရှင်းမပေးဘဲ အိန္ဒိယဘက်မှ ခေါင်းဆောင်များကို ဝေဖန်တိုက်ခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required