ကာကွယ်ဆေး ပတ်စပို့ ဥပဒေကြမ်းကို ပြင်သစ်လွှတ်တော် မဲခွဲအတည်ပြု 

ကာကွယ်ဆေး ပတ်စပို့ ဥပဒေကြမ်းကို ပြင်သစ်လွှတ်တော် မဲခွဲအတည်ပြု 
Photo - AFP

ဇူလိုင် ၂၇

ပြင်သစ်နိုင်ငံဟာ ကိုဗစ်-၁၉ တိုက်ထုတ်ရေးမှာ နေ့စဉ် လူနေမှုဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ကာကွယ်ဆေးထိုးနှံပြီးသူတွေအတွက် သွားခွင့်လာခွင့်တွေ ခွင့်ပြုပေးတဲ့ ကာကွယ်ဆေးပတ်စပို့ အစီအစဉ်ကို တနင်္ဂနွေနေ့မှာ လွှတ်တော်ကနေပြီး မဲခွဲအတည်ပြုလိုက်ပါတယ်။  

အဲဒီ ကာကွယ်ဆေးပတ်စပို့ ဥပဒေကြမ်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က လွှတ်တော်အမတ်တွေကြား အပေးအယူ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ အခုလို အတည်ပြုလိုက်နိုင်တာပါ။ 

နိုင်ငံတွင်းမှာက ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်ကန့်ကွက်ပြီး လူ ၁၆၀၀၀၀ ကျော်ထက်မနည်း စုရုံးဆန္ဒပြကြတာတွေနဲ့ လူ ဒါဇင်များစွာ ဖမ်းဆီးခံရလို့ ဝရုန်းသုန်းကားအခြေအနေတွေ ထပ်ဖြစ်လာပြီး နောက်တစ်ရက်မှာပဲ လွှတ်တော်ဆွေးနွေးပွဲတွေကနေပြီး ကာကွယ်ဆေးပတ်စပို့ကို အတည်ပြုလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ 

ဒီ ကျန်းမာရေးဆိုင်ရာ ခွင့်ပြုချက်ဖြစ်တဲ့ ကာကွယ်ဆေးပတ်စပို့ဟာ အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးကြောင်းနဲ့ ကိုဗစ် negative ဖြစ်ကြောင်း အသိပြုချက်ပေးထားတာဖြစ်ပြီး ဒီ ပတ်စပို့ ရထားမှသာ ရုပ်ရှင်ရုံတွေ၊ နိုက်ကလပ်တွေလိုမျိုး ပွဲလမ်းသဘင်တွေဆီ သွားရောက်ခွင့်ရမှာ ဖြစ်ကာ ဒါကို ဖော်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ သမ္မတ အမ်မန်နျူရယ်မက်ခရွန်က အမိန့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တွေ ထွက်ပေါ်လာနေချိန်မှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးရဲ့ ထိပ်တန်းလက်နက်ဟာ ကာကွယ်ဆေးထိုးနှံတာပဲ ဖြစ်တယ်ဆိုပြီး သမ္မတ မက်ခရွန်ရဲ့ ကြေညာချက်အရ နေ့စဉ် ပုံမှန်ဘဝအတိုင်း သွားလာလှုပ်ရှားလိုသူတွေအတွက် ကာကွယ်ဆေး အထိုးနှံခံဖို့ မဖြစ်မနေ လိုအပ်လာတာပဲ ဖြစ်ပါတယ်။ 

အခုလို ကာကွယ်ဆေး ပတ်စပို့ဆိုပြီး ပြောင်းလဲဖော်ဆောင်မှုကို အမိန့်ဒီဂရီတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် ဘယ်လောက်အတိုင်းအတာထိ ဖော်ဆောင်လုပ်ကိုင်သွားမလဲဆိုတာနဲ့ ပတ်သက်လို့ အင်္ဂါနေ့ကစပြီး လွှတ်တော်မှာ အချိန်ကြာမြင့်စွာ အစည်းအဝေးတွေ ခေါ်ယူခဲ့ရတာပါ။ 

ဒါပေမဲ့ ဒီ ကာကွယ်ဆေး ပတ်စပို့ဟာ လူမှုဘဝ လွတ်လပ်ခွင့်တွေကို ဆုတ်ယုတ်လျောပါးစေတဲ့အရာပဲဆိုပြီး ယူဆကြသူတွေ အချို့ရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။   

ဒီ ကာကွယ်ဆေး ပတ်စပို့ကို လွှတ်တော်ကနေပြီး ဥပဒေပြုပေးဖို့အတွက် အာဏာရပါတီအနေနဲ့ မနည်းရုန်းကန်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အောက်လွှတ်တော်ကိုတော့ မက်ခရွန်အပေါ် ထောက်ခံကြတဲ့ လွှတ်တော်အမတ်တွေက ထိန်းချုပ်ထားတာ ဖြစ်ပေမယ့် ဆီးနိတ်အထက်လွှတ်တော်မှာ အတိုက်အခံအုပ်စုတွေက ကြီးစိုးထားတာပါ။ 

အဲဒီ ဆီးနိတ်လွှတ်တော်မှာပဲ ကာကွယ်ဆေး ပတ်စပို့ကို ဥပဒေကြမ်းအဖြစ် အတည်ပြုလိုက်နိုင်ပြီ ဖြစ်ပေမယ့် ပြင်ဆင်ချက်များစွာကို ဖြည့်စွက်ထားတာကြောင့် ကာကွယ်ဆေး ပတ်စပို့ရဲ့ သက်ရောက်မှုအပေါ် အကန့်အသတ်တွေ ရှိလာမှာကို အစိုးရအတွက်တော့ စိုးရိမ်ပူပန်စရာ ဖြစ်လာပါတယ်။ 

အခု ကာကွယ်ဆေး ပတ်စပို့ကို တနင်္ဂနွေနေ့မှာ လွှတ်တော်နှစ်ရပ်က သုံးနာရီကြာ စည်းဝေးဆွေးနွေးကြပြီး ဥပဒေကြမ်းအဖြစ် အတည်ပြုဖို့ အပေးအယူမျှကာ ထောက်ခံမဲ ၁၅၆ မဲ၊ ကန့်ကွက် ၆၀ နဲ့ ကြားနေ ၁၄ မဲနဲ့ အများစုက အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ 

ဥပဒေအဖြစ် အသက်ဝင်စေဖို့အတွက် ပြင်သစ်က အမြင့်ဆုံး စီမံအုပ်ချုပ်ရေးအာဏာပိုင်ဖြစ်တဲ့ ဖွဲ့စည်းပုံဥပဒေကောင်စီရဲ့ အတည်ပြုချက် ရယူရဦးမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly