တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ဖြတ်တောက်ထားခဲ့တဲ့ ဆက်သွယ်‌ရေးလိုင်းတွေ ပြန်ဖွင့်

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ဖြတ်တောက်ထားခဲ့တဲ့ ဆက်သွယ်‌ရေးလိုင်းတွေ ပြန်ဖွင့်
Photo - AFP

ဇူလိုင် ၂၇

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားအကြား ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ဖြတ်တောက်ထားခဲ့တဲ့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိုင်းတွေကို ယခုအခါ မူလအတိုင်း ပြန်လည်ဖွင့်လှစ်ထားကြောင်းနဲ့ ဆက်ဆံရေး တိုးတက်စေဖို့အတွက် နှစ်ဘက် ခေါင်းဆောင်တွေအကြား သဘောတူညီချက်တစ်ခု ရခဲ့ကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ဒါဟာ နှစ်ဘက် ဆက်ဆံရေးပိုင်းမှာ အံ့အားသင့်ဖွယ် ပြန်လည်ပြေပြစ်လာမှု အခြေအနေတစ်ခုကို ပြသနေတာလည်း ဖြစ်ပါတယ်။

ခုလိုမျိုး နှစ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည် ထားရှိကြောင်း ပူးတွဲကြေညာချက်ကတော့ ကိုရီးယားစစ်ပွဲ ပြီးဆုံးမှု နှစ်ပတ်လည်နေ့ အခိုက်သမယနဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းအကြား တစုံတရာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရရှိနိုင်ခဲ့တဲ့ ထိပ်သီးဆွေး‌နွေးပွဲတွေနောက်ပိုင်း ပထမဆုံးသော အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။

ကင်နဲ့ မွန်း တို့ဟာ ဧပြီလနောက်ပိုင်း အပြန်အလှန် ပေးစာတွေ ပေးပို့ခဲ့ကြကြောင်းနဲ့ အဲဒီလို ပေးစာပေးပို့မှုတွေအတွင်း ရန်ဘက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပြန်လည်တိုးတက်စေဖို့အတွက် ဟော့လိုင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့က အကျိုးရှိမယ့် ပထမခြေလှမ်းတစ်ခု ဖြစ်မယ်လို့ သဘောတူခဲ့ကြကြောင်း နှစ်ဘက်စလုံးက ထုတ်ဖော်ပါတယ်။

အဆိုပါ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၀-၅၃ ပဋိပက္ခစစ်ပွဲ ပြီးခဲ့ပေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက် မရတဲ့အတွက် နှစ်ဘက်အကြား စစ်ဖြစ်နေဆဲလို့ ဆိုလို့ရနိုင်တဲ့ အခြေအနေမှာ ဆက်ရှိနေခဲ့ပါတယ်။

“အပြန်အလှန် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့နဲ့ ကိုရီးယားနှစ်နိုင်ငံအကြား ပြတ်တောက်နေခဲ့တဲ့ ဆက်သွယ် ဆက်ဆံရေး လိုင်းတွေ နဂိုအတိုင်း ပြန်လည်ထားရှိပြီး နှစ်ဘက်ပြေလည်စေရေးကို အားပေးရာမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ခု လှမ်းဖို့ ခေါင်းဆောင်နှစ်ဦးအကြား သဘောတူခဲ့ကြတယ်” လို့ မြောက်ကိုရီးယားရဲ့ တရားဝင် သတင်းအေဂျင်စီ KCNA က ဖော်ပြပါတယ်။

တက်ကြွလှုပ်ရှားသူတွေက နယ်စပ်ကို ကျော်ပြီး ပြုံယမ်း ဆန့်ကျင်ရေး ဝါဒဖြန့်စာတွေ ပေးပို့မှုနဲ့ပတ်သက်လို့ မြောက်ကိုရီးယားက ယမန်နှစ်ဇွန်လမှာ တောင်ကိုရီးယားနဲ့အကြား တရားဝင် စစ်ဘက်နဲ့ နိုင်ငံရေး ဆက်သွယ်ရေး အချိတ်အဆက် လမ်းကြောင်းအားလုံးကို တစ်ဖက်သတ် ဖြတ်တောက်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ဆက်သွယ်ရေးလိုင်းတွေကို ဇူလိုင် ၂၇ ရက်မှာ ပြန်လည်ဖွင့်လှစ်ထားတယ်လို့ နှစ်ဘက်စလုံးက ထုတ်ဖော်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required