ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇူကာဘာ့က ကမ္ဘာတစ်ခွင်မှ မွတ်စလင်များကို ရပ်ခံကာကွယ်သွားမည်ဟုပြော

ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇူကာဘာ့က ကမ္ဘာတစ်ခွင်မှ မွတ်စလင်များကို ရပ်ခံကာကွယ်သွားမည်ဟုပြော

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၀ ။            ။ လူမှုကွန်ရက်ဘီလူးကြီး ဖေ့စ်ဘုတ်ကို တည်ထောင်သူ မာ့ခ်ဇူကာဘာ့က အစွန်းရောက်များ၏ လုပ်ရပ်များကြောင့် မွတ်စလင်များကို မနှိပ်ကွက်သင့်ကြောင်း   ပြောကြားပြီး ကမ္ဘာတစ်ခွင်မှ မွတ်စလင်ဘာသာဝင်များဘက်မှ ရပ်ခံကာကွယ်လာခဲ့သည်။

‘ဒီလူမှုရိပ်မြုံထဲမှာ သင်ဟာ မွတ်စလင်တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ဖေ့စ်ဘုတ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သင့်ကို သိစေချင်တာက သင့်ကို ဒီနေရာက အမြဲတမ်းကြိုဆိုနေတယ်ဆိုတာရယ်၊ သင်တို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ ရပ်ခံတိုက်ပွဲဝင်သွားမယ်ဆိုတာရယ်၊ သင်တို့အတွက် ငြိမ်းချမ်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ်ဆိုတာတွေပါပဲ’ဟု ဇူကာဘာ့က ၎င်း၏ ဖေ့စ်ဘုတ်ပို့စ်တွင် ရေးသားခဲ့သည်။

ပါရီနှင့် ဆန် ဘာနာဒီနို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပြီးတွင် ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရန့်လို ပုဂ္ဂိုလ်များက မွတ်စလင်ဆန့်ကျင်ရေးစိတ်ဓာတ်များ လှုံ့ဆော်နေချိန်တွင် ယခုကဲ့သို့ ဇူကာဘာ့က ပြောကြားလာခဲ့ခြင်းပင်ဖြစ်သည်။  ထရန့့် မွတ်စလင်များ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်မှုကို ပိတ်ပင်ရန် အရေးဆိုနေသည်။

‘ဂျူးလူမျိုးတစ်ယောက်အနေနဲ့ လူ့အသိုင်းအဝိုင်းအားလုံးအပေါ် တိုက်ခိုက်မှုမှန်သမျှကို ရပ်ခံကာကွယ်ရမယ်လို့ မိဘတွေက ကျနော့်ကို သင်ကြားထားတယ်။ ‘ဒီကနေ့ တိုက်ခိုက်မှုတစ်ခုဟာ ကိုယ့်ကို တိုက်ရိုက်မထိပါးဘူးဆိုရင်တောင်မှ တစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်မှုကို တိုက်ခိုက်တာဟာ လူတိုင်းကို ထိခိုက်နာကျင်စေမှာဖြစ်လို့ ရပ်ခံကာကွယ်ရမှာပါပဲ’ဟု ဇူကာဘာ့က ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly