ကွန်ဂိုမှာ နှာခေါင်းစည်းမတပ်လို့ ကျောင်းသားတစ်ဦးကို ရဲက ပစ်သတ်ရာမှ တက္ကသိုလ်သပိတ် ပေါ်ပေါက် 

ကွန်ဂိုမှာ နှာခေါင်းစည်းမတပ်လို့ ကျောင်းသားတစ်ဦးကို ရဲက ပစ်သတ်ရာမှ တက္ကသိုလ်သပိတ် ပေါ်ပေါက် 
Photo - AFP

ဇူလိုင် ၂၇

ကွန်ဂိုနိုင်ငံမှာ ရဲတာဝန်ရှိသူတစ်ဦး နှာခေါင်းစည်းမတပ်လို့ ကျောင်းသားတစ်ဦးကို ပစ်သတ်ခဲ့တာကြောင့် ကင်ရှာဆာတက္ကသိုလ်က ကျောင်းသားတွေဟာ ဆန္ဒပြသပိတ်တိုက်ပွဲ ဆင်နွှဲကြပါတယ်။ 

အဲဒီ ကျောင်းသားဟာ နှာခေါင်းစည်း မတပ်ထားဘဲ ကင်ရှာဆာမြို့တော်က လမ်းတွေမှာ ဗီဒီယို လိုက်ရိုက်နေချိန် ရဲက ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေက တနင်္ဂနွေနေ့မှာ ပြောကြပါတယ်။ 

“ကျွန်တော်တို့ရဲ့ သူငယ်ချင်း ဟိုနိုရီရှာမာဟာ ကင်ရှာဆာတက္ကသိုလ်မှာ အနုပညာဘာသာရပ် ယူထားတာဖြစ်ပြီး လက်တွေ့သင်ခန်းစာအတွက် လိုအပ်လို့ ခုလို ဗီဒီယိုတွေ သွားရိုက်နေခဲ့တာ ဖြစ်ပါတယ်”လို့ အခင်းဖြစ်ရာမှာ ရှိနေခဲ့တဲ့ သူငယ်ချင်းဖြစ်သူ အိုဒီယာက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ဗီဒီယို ရိုက်နေချိန်မှာ သူ့ကို ရဲက လာပြီး နှာခေါင်းစည်းတပ်ဖို့ ပြောပါတယ်၊ ရှာမာက ရဲကို ရှင်းပြတယ်၊ ပြီးတော့ နှာခေါင်းစည်းပါကြောင်းကို ပြသတယ်၊ ဒါပေမဲ့ ပိုက်ဆံ တောင်းလိုပုံရတဲ့ အဲဒီ ရဲဟာ ဒေါသတွေ ထွက်ပြီး အာခံတယ် စွပ်စွဲရင်း အနီးကပ် တေ့ပစ်တာ ဖြစ်တယ်”လို့ အိုဒီယာက ပြောပါတယ်။ 

လူကြိုက်များတဲ့ Top Congo ရေဒီယိုနဲ့ အခြား အွန်လိုင်းသတင်းဌာနတွေကိုလည်း အခြား မျက်မြင်တွေက ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ အထက်က ဖြစ်စဉ်အတိုင်းပဲ တစ်ထပ်တည်းကျ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

ပစ်ခတ်တဲ့ လက်သည် ရဲက ထွက်ပြေးနေပြီး မြို့ရဲဌာနဟာ သူ့နောက်ကို လိုက်လံရှာဖွေလျက် ရှိပါတယ်လို့ ရဲဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာဆွန်ဂိုက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ဌာနအနေနဲ့တော့ ရဲနှစ်ဦးကို ဖမ်းဆီးထားတယ်၊ သူတို့ နှစ်ဦးဟာ တာဝန်မဲ့တဲ့ လုပ်ဖက်ကိုင်ဖက် ရဲရဲ့ အခု ဖြစ်ရပ် ကျူးလွန်ချိန်မှာ အတူ ရှိနေသူတွေ ဖြစ်တယ်၊ ဒါအပြင် မြို့ရဲ့ ရဲမှူးကိုလည်း ဖမ်းဆီးထားတယ်”ဆိုပြီး သူက ဆိုပါတယ်။ 

“အဲဒီ ဝရမ်းပြေးရဲကို ဖမ်းနိုင်ဖို့ ဆက်လက်လိုက်လံရှာဖွေနေတယ်”လို့ ကာဆွန်ဂိုက ဆိုပါတယ်။ 

ကွန်ဂိုနိုင်ငံမှာ နှာခေါင်းစည်း မတပ်မနေရ ပြဋ္ဌာန်းထားတာ ဖြစ်ပြီး ဖောက်ဖျက်သူကို ကွန်ဂိုဖရန့်ငွေ ၁၀၀၀၀ (အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ) ဒဏ်ရိုက်တာ ဖြစ်ပါတယ်။ 

ရဲတွေဟာ အဲဒီ စည်းမျဉ်းပြဋ္ဌာန်းချက်ကို အခွင့်ကောင်းယူပြီး စစ်ဆေးမေးမြန်းတာတွေနဲ့ အနှောင့်အယှက် ပေးနေသလို ဒဏ်ရိုက်ငွေတွေကိုလည်း အလွဲသုံး ရယူတာတွေ ရှိနေတယ်လို့ စွပ်စွဲပြောဆိုတာတွေ ရှိထားပါတယ်။ 

ကွန်ဂိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး စတင်ချိန်ကစလို့ ကူးစက်ဖြစ်ပွားသူပေါင်း ၄၇၇၈၆ ဦး ရှိပြီး သေဆုံးသူဟာ ၁၀၂၁ ဦး ရှိထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly