တာမိုးညဲပြည်သူ့စစ်က ကိုဗစ်ထိန်းချုပ်ရေးဆိုကာ အရပ်သားများကို ရိုက်နှက်ကန့်ကျောက်မှုလုပ်ရပ်အပေါ် ဝေဖန်မှုများမြင့်တက်

တာမိုးညဲပြည်သူ့စစ်က ကိုဗစ်ထိန်းချုပ်ရေးဆိုကာ အရပ်သားများကို ရိုက်နှက်ကန့်ကျောက်မှုလုပ်ရပ်အပေါ် ဝေဖန်မှုများမြင့်တက်

ဇူလိုင် ၂၇

ကိုဗစ်ရောဂါထိန်းချုပ်ရေးအကြောင်းပြကာ အရပ်သားတစ်စုအား လူမြင်ကွင်းတွင် ရိုက်နှက်ကန်ကျောက်နေသည့် တာမိုးညဲပြည်သူ့စစ်၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကိုင်ဆောင်ထားပြီး ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားသည့် ပြည်သူစစ်တပ်ဖွဲ့ဝင် ၁၄ ဦးခန့်ပါ လူစုက ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲမြို့တစ်နေရာတွင်  အရပ်သား လေးဦးအား ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ဇူလိုင်လ ၂၅ ရက် ညနေက ထွက်ပေါ်လာခဲ့သည်။ 

အမျိုးသားနှစ်ဦး အမျိုးသမီးနှစ်ဦးကို တုတ်ဖြင့် ငါးချက်မှ ဆယ်ချက်အထိ ရိုက်နှက်နေကြပြီး ရိုက်နှက်မှုကြောင့် အော်ဟစ်တောင်းပန်နေသည့်အမျိုးသားတစ်ဦးအား ကန်ကျောက်နေသည်ကိုလည်း ဗီဒီယိုဖိုင်တွင်တွေ့ရသည်။ 

တာမိုးညဲပြည်သူ့စစ်၏ လုပ်ရပ်ဟု  ဒေသခံများကပြောပြီး တစ်ဆက်တည်းတွင် ယင်းလုပ်ရပ်ကို ရှုတ်ချသည်ဟု ဆိုသည်။

" တာမုန်းနဲ ပြည်သူ့စစ်များကCovid 19 ရောဂါကူးစက်ကာလမှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူကိုဒဏ်ပေးတာ နည်းလမ်းကမကျဘူးဖြစ်နေတယ်။ဒုတ်ဒဏ်ရိုက်ရင်လည်းဘယ်နှစ်ချက်ဆိုပြီးအကန့်သတ်ထားရမယ်။သုံးချက်လား ငါးချက်လားပေါ့။ယခုက မဟုတ်တော့ဘူးလေ။ ကျားတစ်‌ယောက်ကိုတော့ ကျွဲနွားကိုရိုက်သတ်သလိုဖြစ်နေ တကယ်ကွာ" ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားကာ လေးမိနစ် ခန့်ကြာသည့် ယင်းဗီဒီယိုဖိုင်ကို ဖွင့်ချထားသည်။

" COVID-19 ကူးစက်ကာလဆိုပေမဲ့ ပြည်သူအတွက်အကျိုးရှိအောင် Quarantine Center ‌တွေဖွင့်ပေးတာလည်းမဟုတ်ပါ။ ပြည်သူကို Maskလေး တစ်ခုပေးကမ်းတာလည်း လုံးဝမရှိပါ ။သူတို့က နေ့ည လွတ်လွတ်လပ်လပ်သွားလာခွင့်ရကြပြီးပြည်သူကိုကြတော့ တစ်ပြားမတန်အောင်နှိပ်စက်နေတာ ဖြစ်တယ်။ ဒီ VDO file clip ပြနေတဲ့အတိုင်း သက်သေပါ "ဟု ရေးသားထားသည်။

တာမိုးညဲပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲနေသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှုး၏  တိုင်ကြားမှုကြောင့် သွားရောက်အရေးယူခြင်းဟု တုန့်ပြန်သည်။ 

ထို့အပြင် အရပ်သားများအား သာမာန်ထက် ရိုက်နှက်ခဲ့သည့် တပ်ဖွဲ့ဝင်များကို ဆုံးမထားသည်ဟု ၎င်းက ပြောသည်။

ဒေသခံတစ်ဦးကမူ တာမိုးညဲပြည်သူ့စစ်အဖွဲ့၏ လုပ်ရပ်သည် လူမဆန်ဟု ဝေဖန်သည်။

"ကိုဗစ်က တစ်ကမ္ဘာလုံး ဖြစ်နေတာ။ လူလူချင်းကို တိရိစ္ဆာန်လို ရိုက်နေတာ ဘယ်လိုမှ လက်ခံလို့ မရဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်လက်အောက်ခံအဖွဲ့အစည်းဖြစ်၍ စစ်တပ်တွင်လည်း တာဝန်ရှိသည်ဟု ဒေသခံတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly