ဇူလိုင် ၂၇
စစ်တောင်းမြစ်အပါအဝင် မြစ်သုံးစင်းမှာလည်း စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေ၍ ရေဘေးအန္တရာယ် ပိုမိုကြီးမားလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သုတေသီတစ်ဦးက သတိပေးထားသည်။
" ဒီကာလက မြန်မာမှာ ပထမရေကြီးကာလ ဖြစ်တယ်။ မွန်တို့ ကရင်တို့ တနင်္သာရီတို့မှာ မြစ်ရေတိုးချိန် မိုးပါရွာရင် ရေဘေးက အရမ်းဆိုးတယ်။ လက်ရှိရာသီဥတုအခြေအနေအရ မိုးက ဆက်ကောင်းနေမှာ။ ဒေသအလိုက် ကြိုပြင်ဆင်မှုအားနည်းရင်တော့ မလွယ်ဘူး"ဟု မိုးလေဝသဆိုင်ရာ သုတေသီတစ်ဦးကပြောသည်။
သူက စစ်တောင်းမြစ်၊ ရွှေကျင်မြစ်နှင့် တနင်္သာရီမြစ်တို့ကြောင့်ရေကြီးနိုင်ကြောင်း ရည်ညွှန်းပြောသွားသည်။
မိုးဇလဌာနကလည်း လက်ရှိရေကြီးနေသည် ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပါအဝင် ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် မိုးကြီးနိုင်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ထိုင်း- မြန်မာနယ်စပ်မြစ်ဖြစ်သော သောင်းရင်းမြစ်အပြင် စစ်တောင်းမြစ်နှင့်၊ ရွှေကျင်မြစ်သည် မဒေါက်မြို့နှင့် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်ဟု မိုးဇလဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကရင်ပြည်နယ်တွင်းရေကြီးမှုများ
ကရင်ပြည်နယ်တွင်မိုးဆက်ကြီးမည့် သတိပေးချက်ထုတ်ပြန်ထားရာ ရေဘေးပိုမိုဆိုးရွားလာမည်ကို ဒေသခံများကစိုးရိမ်နေသည်။
လူနေရပ်ကွက်များ ရေမြုပ်နေပြီး ယာယီကယ်ဆယ်ရေးစခန်းများသို့ လူ ၁,၀၀၀ ကျော်ရွှေ့ပြောင်းနေထိုင်ရသည့် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်မြင့်တက်နေသည်။
တနင်္သာရီမြစ်မှာလည်း တနင်္သာရီမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေ၍ ရေဘေးသတိပေးချက်ထုတ်ပြန်ထားသည်ဟု ဒေသခံများကပြောသည်။
မုတ်သုံလေအားကောင်းပြီးနောက် မြန်မာနိုင်ငံဒေသအများအပြား မိုးကောင်းနေရာ ကရင်၊မွန်နှင့်ရခိုင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်နေပြီး ဒေသခံများရေဘေး ကြုံတွေ့နေသည်။