တိုင်းမ်မဂ္ဂဇင်း၏ တစ်နှစ်တာ သြဇာအကြီးမားဆုံးပုဂ္ဂိုလ် အိန်ဂျလာ မာကဲ သတ်မှတ်ခံရ

တိုင်းမ်မဂ္ဂဇင်း၏ တစ်နှစ်တာ သြဇာအကြီးမားဆုံးပုဂ္ဂိုလ် အိန်ဂျလာ မာကဲ သတ်မှတ်ခံရ

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၀ ။              ။ အမေရိကန် တိုင်းမ် (Time) မဂ္ဂဇင်းကြီးက ၂၀၁၅ခုနှစ်အတွက် သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ် ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကဲကို ရွေးချယ်သတ်မှတ်ခဲ့သည်။

မဂ္ဂဇင်းက ဥရောပ၏ ကြွေးမြီပြဿနာ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချ အကျပ်အတည်းအပြင် ယူကရိန်းအရေးတွင် ရုရှ ဝင်ရောက်စွက်ဖက်မှုပြဿနာများတွင် သူမ၏ ခေါင်းဆောင်မှုကို ချီးကျူးခဲ့သည်။

‘နိုင်ငံရေးသမားအများစု လုပ်ရဲတာထက်ပိုပြီး သူမရဲ့ တိုင်းပြည်ကို တောင်းဆိုခဲ့မှု၊ ဖိနှိပ်တဲ့ အာဏာရှင်ကို ခိုင်ခိုင်မတ်မတ် ရပ်ခံမှု၊ လိုအပ်ပြတ်လပ်နေတဲ့အချိန်မှာ ကမ္ဘာကြီးကို မဆုတ်မနစ်တဲ့ စိတ်ဓာတ်ရေးရာ ခေါင်းဆောင်မှုတွေအတွက် အိန်ဂျလာ မာကဲဟာ ဒီနှစ်အတွက် တိုင်းမ်မဂ္ဂဇင်းရဲ့ သြဇာအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်’ဟု အယ်ဒီတာ နန်စီ ဂစ်က ရေးသားခဲ့သည်။

အိန်ဂျလာမာကဲမှာ ဒုတိယမြောက် အဲလီဇဘတ်ဘုရင်မ၊ ဗြိတိသျှထီးနန်းကို စွန့်လွှတ်ခဲ့သည့် အဌမမြောက် အက်ဒွပ်ဘုရင်အတွက် ကွာရှင်းခဲ့သည့် ဝေါလစ် ဆင်ပဆန်နှင့် ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန် အကွီနိုတို့နောက် စတုတ္ထမြောက် တိုင်းမ်မဂ္ဂဇင်း၏ တစ်နှစ်တာ သြဇာအလွှွမ်းမိုးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်း၏ တစ်နှစ်တာ သြဇာအကြီးမားဆုံးပုဂ္ဂိုလ် ရာထားစာရင်းတွင် အိုင်အက်စ် အကြမ်းဖက်အုပ်စု၏ခေါင်းဆောင် အဘူ ဘခါ အယ်လ် ဘက်ဒါဒီ၊ ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ် ထရန့်၊ အမေရိက၏ Black Lives Matter တက်ကြွလှုပ်ရှားသူများနှင့် အီရန်သမ္မတ ဟတ်ဆန် ရိုဟန်နီတို့ ပါဝင်ခဲ့သည်။   

 ‘အကြီးအကျုယ်လူကြိုက်များရုံနဲ့တော့ တိုင်းမ်မဂ္ဂဇင်းက ကျုပ်ကို တစ်နှစ်တာ သြဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရွေးမှာမဟုတ်ပါဘူး။ ဂျာမနီကို ထိန်းကျောင်းမောင်းနှင်နေတဲ့ ပုဂ္ဂိုလ်ကိုပဲ သူတို့ ရွေးချယ်ခဲ့ပါတယ်’’ဟု မစ္စတာ ထရန့်က တွစ်တာတွင် ရေးသားခဲ့သည်။

ယခုနှစ်တွင် ဥရောပကို ခြိမ်းခြောက်ခဲ့သည့် အကျပ်အတည်း အချိန်တိုင်းလိုလိုတွင် မစ္စမာကဲက ဝင်ပါခဲ့သည်ချည်းဖြစ်သည်ဟု တိုင်းမ်က ပြောကြားခဲ့သည်။

အသက် ၆၁နှစ်ရှိပြီဖြစ်သည့် မစ္စမာကဲမှာ ဆယ်စုနှစ်တစ်ခုမျှ အာဏာတွင် မြဲနေခဲ့သည့် ကမ္ဘာ့သြဇာအကြီးမားဆုံး အမျိုးသမီးကြီးပင် ဖြစ်သည်။ ‘ရှင်တို့အနေနဲ့ သူမနဲ့ သဘောတူနိုင်သည်ဖြစ်စေ၊ မတူနိုင်သည်ဖြစ်စေ၊ သူမဟာ လွယ်ကူသက်သာတဲ့လမ်းကို မရွေးချယ်ခဲ့ပါဘူး။ လူထုတွေက သူ့နောက်ကို မလိုက်လိုဘူးဆိုတဲ့အခါမှ တကယ့်ခေါင်းဆောင် အရည်အသွေးကို စမ်းသပ်တာပါ’’ဟု မစ္စဂစ်က ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly