မီတာခသပိတ်ကြောင့် စစ်အုပ်စု ဘဏ္ဍာရေးအကျပ်အတည်း ကြုံစဉ် နိုင်ငံ၏ လျှပ်စစ်ဖြန့်ဖြူးမှုအပေါ် ဖိအားများ ကျ‌ရောက်

မီတာခသပိတ်ကြောင့် စစ်အုပ်စု ဘဏ္ဍာရေးအကျပ်အတည်း ကြုံစဉ် နိုင်ငံ၏ လျှပ်စစ်ဖြန့်ဖြူးမှုအပေါ် ဖိအားများ ကျ‌ရောက်

ဇူလိုင် ၂၆

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံ အခွန်ဘဏ္ဍာဝင်ငွေပိုင်း ထိုးကျမှုက နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးမှုများအပေါ် ခြိမ်းခြောက်ထားခဲ့သည်။ အာဏာသိမ်းအုပ်စုကို ဆန့်ကျင်သောအားဖြင့်  မီတာခ မပေးဆောင်ဘဲ သပိတ်မှောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေစဉ် မြို့ပေါ်ဧရိယာများတွင် မကြာခဏဆိုသလို ဓာတ်အားပြတ်တောက်မှုများနှင့် အချိန်ရှည်ကြာသည့် မီးပြတ်မှုများကို ကြုံတွေ့နေကြရသည်။

နိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းတစ်ခု ကူးစက်ဖြစ်ပွားနေချိန် ယုံကြည်စိတ်ချ၍ မရနိုင်သည့် ဓာတ်အားဖြန့်ဖြူးမှုများက နွမ်းပါးချည့်နဲ့နေသည့် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ကြီးလေးသည့် ဖိအားများ ကျရောက်စေလျက် ရှိသည်။ နိုင်ငံ၏ ကိုဗစ်-၁၉ အတည်ပြုကူးစက်ခံရသူအရေအတွက်သည် စံချိန်တင် လယ်ဗယ်များထိ မြင့်တက်ထားခဲ့သည်။ တရားဝင် ကိန်းဂဏန်းများအရ ဇွန်လလယ်နောက်ပိုင်း အများအားဖြင့် နိုင်ငံတွင် ပျမ်းမျှ နေ့စဉ် ကူးစက်ခံရသူသစ်‌ တွေ့ရှိမှု ၆,၀၀၀ ဝန်းကျင်နှင့်အတူ ယခုအခါ စုစုပေါင်း ကူးစက်ခံထားရသူ ၂၅၀,၀၀၀ ကျော်နှင့် သေဆုံးသူ ၆,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ အလားတူ ဗိုင်းရပ်စ် စစ်ဆေးမှုပိုင်းတွင် အကန့်အသတ်ဖြစ်ထားခဲ့သည့်အတွက် အမှန်တကယ် ရှိနေမည့် ကိန်းဂဏန်းများမှာ အထက်ပါကိန်းဂဏန်းများထက် အ‌တော်ပင် ပိုများနေလိမ့်မည်ဟု ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ယုံကြည်နေကြသည်။

စစ်တပ် အုပ်ချုပ်မှုအပေါ် ဆန့်ကျင်သည့် နိုင်ငံတဝန်း CDM (အကြမ်းမဖက် အာဏာဖီဆန်‌ရေးလှုပ်ရှားမှု) တွင် ပြည်သူအများအပြားမှာ ၎င်းတို့၏ လျှပ်စစ်မီတာခ ဘေလ် များကို ပေးဆောင်ရန် ငြင်းဆန်နေကြသည်ကို မြင်တွေ့ထားခဲ့ရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန (MOEE) ရှိ အခွန်ဘဏ္ဍာဝင်ငွေများသည် ယမန်နှစ် အလားတူကာလကနှင့် ယှဉ်လျင် ၉၀ ရာခိုင်နှုန်းကျော် ထိုးကျသွားခဲ့သည်ဟု Nikkei Asia က ကြည့်ရှုခွင့်ရခဲ့သည့် လုပ်ငန်းတွင်း ဒေတာများနှင့် မြန်မာကို အာရုံပြုသည့် စီးပွားရေးပညာရှင်များအဖွဲ့တစ်ခုဖြစ်သော မြန်မာဆိုင်ရာ လွတ်လပ်သော စီးပွားရေးပညာရှင်များ (IEM) အဖွဲ့၏ မကြာသေးခင်ကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတို့အရ သိရသည်။

နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ ပံ့ပိုးထောက်ပံ့မှု အများစုအတွက် စာရင်းပေါက်သည့် နိုင်ငံ ဆေးရုံများသည်လည်း ယခုအခြေအနေကနေ ရှောင်ကွင်းထားနိုင်ခဲ့ခြင်း မရှိဘဲ ယင်းတို့သည် လောင်စာဆီ ဈေးနှုန်းများ သိသိသာသာ ဆက်လက်မြင့်တက်နေချိန်တွင် မီးစက်များကို မလွဲသာမရှောင်သာ ပိုမို အားကိုးအားထားပြုလာနေရသည်။

အာဏာသိမ်းမှုနောက်ပိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ရှိရင်းစွဲ အခြေခံအဆောက်အအုံများကို စီမံခန့်ခွဲလည်ပတ်ရန်၊ လွတ်လပ်သော ဓာတ်အားထုတ်လုပ်သူများထံ စာချုပ်စာတမ်းဆိုင်ရာ တာဝန်ဝတ္တရားများကို စောင့်ထိန်းလိုက်နာရန်၊ ယင်း၏ စရိတ်စကများကို ကျခံဖြေရှင်းရန်နှင့် ယခင် စီမံကိန်းသစ်များနှင့်ပတ်သက်ပြီး ဆက်လုပ်ရန်အတွက် ရုန်းကန်ထားခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ဒစ်ဂျစ်တယ် မီတာစနစ်၊ ဓာတ်အားဖြတ်တောက်မှုများနှင့်ပတ်သက်ပြီး ပိုမိုကောင်းမွန်သော သတိပေးစနစ်များ၊ လျှပ်စီးဆိုင်ရာ ပိုမိုတည်ငြိမ်စေရေး၊ စိတ်ချယုံကြည်နိုင်သည့် လျှပ်စစ်၊ တပ်ဆင်မှုအသစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲ renewables စွမ်းအင်ဘက်သို့ ကူးပြောင်းမှု အပါအဝင် စွမ်းအင်လုပ်ငန်းကဏ္ဍအတွင်း အရေးကြီးသော ပြုပြင်ပြောင်းလဲမှုတစ်ချို့မှာ စစ်တပ်အာဏာသိမ်းမှုကြောင့် တုံ့ဆိုင်းရပ်တန့်ထားခဲ့ရကြောင်း အစီရင်ခံစာက ပြောသည်။

ထို့ပြင် ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း ဝန်ကြီးဌာန၏ ဝန်ထမ်းဦးရေ ၄,၀၅၈ ဦးထက်မနည်းသည် CDM လှုပ်ရှားမှုတွင် ပါဝင်မှုအတွက် ထုတ်ပယ်ခံရခြင်း သို့မဟုတ် ၎င်းတို့၏ အလုပ်ကနေ နုတ်ထွက်ခြင်းတို့ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြပြီး ဓာတ်အားပြတ်တောက်မှုများက “ဖြစ်နေကျနှင့် အချိန်ရှည်ကြာမှု ပုံစံဘက် ပိုမိုရောက်ရှိသွားဖွယ် ရှိ” ဟု မှတ်ချက်ပြုခဲ့သည်။

အာဏာသိမ်းမှုမတိုင်မီ ဝန်ကြီးဌာနတွင် ဝန်ထမ်းပေါင်း ၅၀,၀၀၀ ခန့် ရှိခဲ့ပြီး ၎င်းတို့အနက် အများအပြားသည် ဝန်ကြီးဌာန နှစ်ခု ပေါင်းစည်းမှုကတည်းက ရှိနေခဲ့ခြင်း ဖြစ်ကြောင်း MOEE အရာရှိဟောင်းတစ်ဦးက ပြောသည်။ ဝန်ထမ်း ၄,၀၀၀ ကျော် ထွက်ခွာမှုက “အကြီးအကျယ် ထိခိုက်ပျက်စီးစေသော သက်ရောက်မှု” တစ်ခု ရှိခဲ့ကာ အဆိုပါ ဝန်ထမ်းများထဲတွင် အလယ်အလတ် လယ်ဗယ် စီမံခန့်ခွဲသူများနှင့် နည်းပညာနှင့် အခွန်ဝင်ငွေ ကောက်ခံမှုဘက်ခြမ်းများရှိ အဓိကကျသည့် ဝန်ထမ်းများ ပါဝင်နေသည်ဟု ၎င်းက ပြောသည်။

“ကိုဗစ် နဲ့ သက်ဆိုင်တဲ့ အခွန်အကောက် လျှော့ချမှုတွေ၊ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံသစ်များအတွက် ကုန်ကျစရိတ်များ မြင့်တက်ခြင်း၊ မီတာခ ပေးဆောင်မှုများအတွက် သပိတ်မှောက်ခြင်း တို့ ပေါင်းစုခြင်းအားဖြင့် အစိုးရအတွက် ဒေါ်လာ ဘီလီယံများစွာဆုံးရှုံးမှုကို ဖြစ်စေသည်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။

ဘေလ် ပေးဆောင်မှုများပိုင်းတွင် သိသိသာသာ လျော့ကျမှု၊ အခွန်နှင့် အခြားပေးဆောင်မှုများအပေါ် သပိတ်မှောက်မှုများက သက်တမ်းကြာနေပြီဖြစ်သည့် ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားလိုင်း အခြေခံအဆောက်အအုံ ဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုအပေါ် ကြီးလေးစွာ ထိခိုက်စေမည် ဖြစ်ကြောင်းကို လေ့လာတွေ့ရှိချက်များက ညွှန်ပြနေသည်။

ကိုဗစ်-၁၉ ကပ်ရောဂါက အဟန့်အတားမဲ့ ကူးစက်ဖြစ်ပွားနေမှုနှင့်အတူ ဓာတ်အားပြတ်တောက်မှုများ တိုးမြင့်မည့် အလားအလာက အထူးသဖြင့် နဂိုကတည်းက အားအင်ချည့်နဲ့နေပြီးဖြစ်သည့် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုကို ခြိမ်းခြောက်နေသည်။

“မြန်မာနိုင်ငံမှာက တစ်အချက်အနေနဲ့ အသက်ရှုစက်တွေနဲ့ အထူးကြပ်မတ်ကုသဌာနတွေက အကန့်အသတ်နဲ့သာ ရှိနေပါတယ်၊ စိုးရိမ်စရာ ကောင်းတာက ဓာတ်အားဖြန့်ဖြူးမှုအပေါ် အလျင်ပြတ်တောက်စေမှုတွေ ဆက်ရှိနေမှုက ဒီလို ဆေးဘက်ဆိုင်ရာ အ‌ထောက်အပံ့တွေနဲ့ပတ်သက်လို့ အန္တရာယ် အနေအထားဆီ ရောက်စေနိုင်ပါတယ်” ဟု ယခင်အစိုးရများလက်ထက်က MOEE ကို အကြံပေးခဲ့သည့် လန်ဒန် စီးပွားရေးကျောင်းမှ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သော တင် ဒိုဘာမန်းက Nikkei ကို ပြောသည်။ “တကယ်လို့သာ အရေးကြီးတဲ့ စောင့်ရှောက်မှုတွေ ပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေက လျှပ်စစ်အတွက် အရံ ရင်းမြစ်တွေကို အသုံးမပြုနိုင်ဘူးဆိုရင် လူနာတွေ ထိခိုက်ခံစားရပါလိမ့်မယ်၊ ဓာတ်အားပြတ်တောက်မှုတွေက တခါတရံမှာ အဆင်မပြေမှု ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ခု လောလောဆယ်အခိုက်အတန့်မျိုးမှာဆိုရင် အဲဒါက အသက်ဆုံးရှုံးရမှုလို့ အဓိပ္ပါယ်ရနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်နေသော်ငြား အာဏာသိမ်းစစ်အုပ်စုသည် အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆေးဘက်ဆိုင်ရာ ပရောဖက်ရှင်နယ် ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းလိုသည့် စိတ်ဆန္ဒကို လက်ရှိအချိန်အထိ ပြသထားခြင်း မရှိပေ။ ယင်းသည် ထိန်းသိမ်းထားသည့် ဆရာဝန်များကို ပြန်လွှတ်ပေးရန် ငြင်းဆန်ထားသလို ကျန်းမာရေးအမှုထမ်းများကိုလည်း လုံခြုံရေး အာမခံချက်များ ပေးအပ်ရန် ငြင်းဆန်ထားသည်။

မကြာ‌‌သေးခင်က လူနာများကို ကုသပေးနေခဲ့သည့် အာဏာသိမ်းမှုဆန့်ကျင်သော ဆရာဝန်ငါးဦးကို အာဏာသိမ်းအုပ်စုလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ အသည်းအသန်လူနာ ရှိ၍ လာရောက်ကူညီကုသပေးရန် အရေးပေါ် ဖုန်းခေါ်ဆိုပြီး လိမ်လည် မျှားခေါ်ကာ ဖမ်းဆီးခဲ့မှုဖြစ်စဉ် သတင်းများ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ပြီးခဲ့သည့်အပတ်က နိုင်ငံတွင် ကျန်းမာရေးအမှုထမ်းများအပေါ် ပြုမူဆက်ဆံမှုနှင့်ပတ်သက်ပြီး အများပြည်သူ အမျက်ဒေါသထွက်မှုများ ပိုမို နက်ရှိုင်းထားခဲ့သည်။

မတ်လက MOEE သည် အာဏာမသိမ်းမီ ဇန်နဝါရီလကထက် ကျပ်ငွေ ၁၀၀ ဘီလီယံ (ဒေါ်လာ ၆၀ ဒသမ ၅ သန်း) လျော့နည်း ကောက်ယူရရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

နိုင်ငံ၏ အကြီးဆုံး မြို့နှစ်ခုဖြစ်သည့် ရန်ကုန်နှင့် မန္တ‌လေးတွင် လစဉ် ကောက်ယူရရှိမှုနှုန်းထားများသည် အာဏာသိမ်းမှုမတိုင်မီ လယ်ဗယ်များ၏ ၂ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းစီ အသီးသီးအထိ ကျဆင်းထားခဲ့သည်ကို Nikkei က ကြည့်ခွင့်ရခဲ့ပြီး MOEE အရာရှိဟောင်းများ အတည်ပြုသည့် မကြာသေးခင်က အစိုးရ စာရွက်စာတမ်းတစ်ရပ်က ပြသနေသည်။ အကယ်၍ ဘေလ် ပေးဆောင်မှုပိုင်း သပိတ်မှောက်မှုများ ဆက်ရှိနေလျင် ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍတွင်း စုစုပေါင်း ဆုံးရှုံးမှုများမှာ ယခုနှစ်တွင် ကျပ် ၂ ထရီလီယံမှ ၂ ဒသမ ၅ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံမှ ၁ ဒသမ ၅ ဘီလီယံ) အထိ ရောက်ရှိနိုင်ပြီး ယင်းက နိုင်ငံ၏ စုစုပေါင်းဘဏ္ဍာအခွန်ငွေ၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း IEM က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်သော ယခင်အစိုးရသည် ၂၀၁၉ ခုနှစ်တွင် လျှပ်စစ်အခွန်အခများကို တိုးမြှင့်ခဲ့သော်လည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အိမ်ထောင်စု လျှပ်စစ်နှုန်းထား အနိမ့်ဆုံးနိုင်ငံအချို့တွင် ဆက်ရှိနေဆဲဖြစ်သည်။

NLD နိုင်ငံရေးသမားများဖြင့် အဓိကဖွဲ့စည်းထားသည့် NUG အစိုးရ ဦးဆောင်သော အာဏာသိမ်းမှု ဆန့်ကျင်ရေး အစုအဖွဲ့များက ပြောကြားထားရာတွင် အိမ်ထောင်စုများကို လစဉ် လျှပ်စစ်မီတာဘေလ်များကနေ ကင်းလွတ်ခွင့်ပြုသင့်ကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများကိုလည်း ဘေလ်ပေးဆောင်မှု မရှိလင့်ကစား ဓာတ်အားဖြန့်ဖြူးမှုများကို ဆက်လက်ထိန်းသိမ်းထားရန် ပန်ကြားထားသည်။

ဓာတ်အား ထုတ်လုပ်မှုနှင့် စွမ်းအင် လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းများ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို IEM အစီရင်ခံစာက မီးမောင်းထိုးပြသနေသည်။ NUG အစိုးရ၏ သတိပေးချက်များအတိုင်းပင် ဓာတ်အား ကဏ္ဍတွင် စီးပွားရေးဆန်ဆန် ပါဝင်ပတ်သက်လာမှုများနှင့်ပတ်သက်ပြီး အစီရင်ခံစာ ရေးသားသူများက သတိပေးထားခဲ့သည်။ အာဏာသိမ်းစစ်အုပ်စု သို့မဟုတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆိုလာပါဝါ စက်ရုံများ တည်ဆောက်ရန် တင်ဒါ ခေါ်ယူခဲ့ပြီးနောက် မကြာမီ ယခု သတိပေးချက် ထွက်လာခဲ့ခြင်း ဖြစ်သည်။

“အခွန်‌ဝင်ငွေ လျော့ကျမှုများ ဖြစ်နေသည့် လျှပ်စစ်ကဏ္ဍအတွက် CDM လှုပ်ရှားမှုက ကြီးလေးသော သက်ရောက်မှုတစ်ခု ရှိထားစေခဲ့သည်” ဟု အစီရင်ခံစာကို အဓိက ရေးသားသူက Nikkei ကို ပြောသည်။ “စီးပွားရေး ရှုထောင့်တစ်ခုကနေ ကြည့်ရင် ဘဏ္ဍာ‌ရေးဆိုင်ရာ အထိန်းအကွပ်မဲ့ ကျနေပြီး စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားတွေကို အလေးထားဖို့ ကတိပြုမယ့်ပုံ မပေါ်တဲ့ အစိုးရတစ်ရပ်နဲ့ သဘောတူညီမှု ရယူမှုကနေ ကုမ္ပဏီတွေအနေနဲ့ အထူး ဂရုစိုက်သင့်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး‌ကောင်စီ၏ စိတ်လိုက်မာန်ပါ ပြုတတ်ပြီး အသိတရား ခေါင်းပါးသော ဆုံးဖြတ်ချက်ချမှတ်မှုတို့ကလည်း စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားရနိုင်မှု အန္တရာယ်များကို မြင့်တက်ထားစေခဲ့သည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။ တစ်ချို့သည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားခြင်း သို့မဟုတ် ထွက်ခွာသွားခြင်းတို့ ရှိထားခဲ့သည်။ ယင်းတို့ထဲတွင် Electricite de France ၊ Woodside Myanmar နှင့် ၂၀၂၀ က ဆိုလာတင်ဒါတစ်ခုကို အောင်ထားခဲ့သည့် တရုတ်ကုမ္ပဏီအများစုတို့ ပါဝင်နေသည်။ အခြားလုပ်ငန်းများမှာ “စောင့်ကြည့်”လုပ်ကိုင်မှုကို ကိုင်ဆွဲထားကြသည်ဟု ယင်းက ပြောသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ် အများစုကို ရေအားလျှပ်စစ်နှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့တို့မှ ထုတ်လုပ်သည်။ သို့သော် သဘာဝဓာတ်ငွေ့ ရင်းမြစ်များ လျော့နည်းလာခြင်း၊ လောင်စာ တင်သွင်းရန် သုံးနိုင်သည့် ဘဏ္ဍာငွေများ တစ်တိတစ်တိနှင့် ကုန်လာခြင်းတို့ကြောင့် စစ်အုပ်စုသည် NLD အစိုးရ စတင်ခဲ့သည့် အလှည့်အပြောင်း အစားထိုးစွမ်းအင်ရင်းမြစ်များဆီ ကူးပြောင်းမှုကို ဆက်လုပ်နေသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးသော အဓိကကျသည့် အများပြည်သူ တင်ဒါခေါ်ယူမှုများအနက် တစ်ခုအဖြစ် နိုင်ငံအလယ်ပိုင်းတွင် ဆိုလာစက်ရုံ ၁၂ ရုံ တည်ဆောက်ရေးအတွက် မေလနှောင်းပိုင်းက ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့သည်။ ယင်းစက်ရုံများသည် နှစ် ၂၀ သက်တမ်းလုပ်ကိုင်ခွင့်နှင့်အတူ တည်ဆောက်- လုပ်ကိုင်- ပိုင်ဆိုင် ဆိုသည့် အခြေခံဖြင့် စီမံကိန်းတစ်ခုစီတိုင်းလျင် မီဂါဝပ် ၂၀ ကနေ ၄၀ အကြား ထုတ်လုပ်ပေးနိုင်မည်ဟု သိရသည်။ ယခင်အစိုးရလက်ထက်က စခဲ့သည့် ယခင် ဆိုလာစွမ်းအင် ပ‌ရောဂျက်တစ်ခုသည် အခြားသော စွမ်းအင် ပရောဂျက်များနှင့်အတူ လုံးဝဥဿုံရပ်ဆိုင်းနေခဲ့သည်။

“အာဏာသိမ်းမှုက ၂၀၂၀ ဆိုလာတင်ဒါကို တရားမဝင်ကြောင်း ပျက်ပြားစေခဲ့သလို ဖြစ်အံ့ဆဲဆဲ LNG စီမံကိန်းအများစုကို ရပ်ဆိုင်းစေခဲ့ကာ ကမ်းလွန် လုပ်ကွက်သစ်များ ဖော်ဆောင်မှုတွင် ပါဝင်နေခဲ့သည့် ပြည်ပ လုပ်ငန်းများကိုလည်း အနည်းဆုံး  ယာယီအားဖြင့် ယင်းတို့၏ လုပ်ငန်းများကို မဖြစ်မနေ ရပ်တန့်ထားစေရခြင်းတို့ကို ဖြစ်စေခဲ့သည်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

“ဆိုဒ် အများစုမှာ ခွဲ‌ဝေသတ်မှတ်ထားပြီး ဖြစ်သည့်အတွက် တင်ဒါသည် အများနှင့် ယှဉ်ပြိုင်ရမှု ရှိဖွယ် မရှိဟု ဝန်ကြီးဌာနတွင်း ရင်းမြစ်များက ယုံကြည်ကြသည်” ဟု IEM က ပြောသည်။

တချိန်တည်းမှာပင် စွမ်းအင်ကုမ္ပဏီများအတွက် နိုင်ငံရေးအရ စွန့်စားရမှုအန္တရာယ်များကို မြင့်တက်ထားခဲ့သည်။ မြန်မာရှိ အငှား ဓာတ်ငွေ့ ဓာတ်အားထုတ်စက်ရုံများ၏ အဓိက လုပ်ကိုင်သူလုပ်ငန်းတစ်ခုဖြစ်သည့် ဟောင်ကောင် စတော့အိတ်စ်ချိန်းဝင် VPower ၏ ကိစ္စသည် အခြေခံအဆောက်အအုံပိုင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ရှေ့တွင်ဖြစ်ပေါ်လာနိုင်မှု အခြေအနေများကို ညွှန်ပြနေသည့် အလားအလာပြတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ VPower သည် မြန်မာစစ်တပ်ပိုင်ကုမ္ပဏီများနှင့်အတူ စီးပွားရေးလုပ်ကိုင်မှုအတွက် ဆန့်ကျင်ဖိအားပေးခံရသည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly