ကိုဗစ် ၁၉ ကပ်ရောဂါကို အံတုနိုင်ခဲ့တဲ့ အသက် ၁၀၂ နှစ်အရွယ် အဖွားဒေါ်ဌေးကြွယ်

ကိုဗစ် ၁၉ ကပ်ရောဂါကို အံတုနိုင်ခဲ့တဲ့ အသက် ၁၀၂ နှစ်အရွယ် အဖွားဒေါ်ဌေးကြွယ်

ဇူလိုင် ၂၆

အသက် ၁၀၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဖွား ဒေါ်ဌေးကြွယ်ဟာ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ခံခဲ့ရပေမယ့် စိတ်ဓာတ်မကျဘဲ တရားထိုင်၊ အသက်ရှုလေ့ကျင့်ခန်းလုပ်ပြီး ရင်ဆိုင်ခဲ့ရာ လက်ရှိမှာ ကိုဗစ် ၁၉ ရောဂါ ပျောက်ကင်းသွားပြီလို့ မိသားစုဝင်တွေက မဇ္ဈိမကို ပြောပါတယ်။

“အိမ်ကိုလာတဲ့ဧည့်သည်ဆီက ကူးခံရတာပါ” လို့ အဖွားဒေါ်ဌေးကြွယ်ရဲ့ မြစ်တော်စပ်သူ မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

အဖွားဒေါ်ဌေးကြွယ်ဟာ မိသားစုဝင် သုံးဦးနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ နေထိုင်တာ ဖြစ်ပါတယ်။ ကျန်မိသားစုဝင်နှစ်ဦးကတော့ ကိုဗစ်ပိုး ကူးစက်မခံရဘူးလို့ သိရပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး တစ်ပတ်လောက် ဖျားနာခဲ့ပြီးနောက် ဇူလိုင်လ ၁၈ ရက်နေ့မှာ အဖျားစကျလာကာ အဲဒီနေ့ကနေ ဇူလိုင်လ ၂၂ ရက်နေ့အထိ အောက်ဆီဂျင် 2L ပတ်ဝန်းကျင် ပေးထားခဲ့ရတယ်လို့ မိသားစုဝင်က ပြောပါတယ်။

“ချောင်းအရင်ဆိုးပြီး စဖျားတာပါ။ ငါးရက်မြောက်နေ့မှာ အဖျားစကျပြီး အောက်စီဂျင် နည်းနည်းစီ စကျပါတယ်အဖွားက ရောဂါအခံမရှိပါဘူး။ အရင်တည်းက အချိန်မှန် အိပ်စားပါတယ်”

“စားတာကတော့ ငှက်သိုက်ရယ်၊ ကြက်ဥရယ်၊ ဆန်ပြုတ်ကိုမှ ပဲနီလေး၊ အသားတွေနဲ့ရောကျိတ်ပြီး ကျွေးပါတယ်” လို့ မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

တရားထိုင်၊ အသက်ရှုလေ့ကျင့်ခန်းလုပ်ရင်း ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်ခဲ့တဲ့ အဖွားဒေါ်ဌေးကြွယ်ဟာ ဇူလိုင်လ ၂၃ ရက်နေ့ နောက်ပိုင်းကစပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကာ လက်ရှိမှာတော့ ကိုဗစ် ၁၉ ရောဂါလည်း ပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဖွားဒေါ်ဌေးကြွယ်ဟာ ချော်လဲထားတာဖြစ်တဲ့အတွက် လမ်းကောင်းကောင်း မလျှောက်နိုင်သေးပေမယ့် စကားပြောနိုင်၊ အစာစားနိုင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“ကိုဗစ်ကူးစက်ခံရတယ်ဆိုပြီး စိတ်ဓာတ်ကျသွားစရာမလိုပါဘူး။  စိတ်ဓာတ်ခွန်အားရှိရင် ပြန်လည်တိုက်ထုတ်နိုင်တဲ့ရောဂါမို့ စိတ်ဓာတ်ကို အကောင်းဆုံးပြင်ဆင်ထားပြီး  ကျန်းမာရေးနည်းလမ်းတွေကို လိုက်နာပြီး အာဟာရရှိတာတွေစားသောက်ရင်း အဖွားလိုပဲ အကောင်းဆုံး ပြန်လည်တိုက်ထုတ်နိုင်ပါစေ” အသက် ၁၀၂ ရှိပြီဖြစ်တဲ့ အဖွားဒေါ်ဌေးကြွယ်ရဲ့ မြစ်တော်စပ်သူ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ- (အသက် ၁၀၂ နှစ်အရွယ် အဖွားဒေါ်ဌေးကြွယ်၊ လက်မထောင်ထားတဲ့ ဓာတ်ပုံဟာ ဇူလိုင်လ ၂၅ ရက်နေ့က ပုံဖြစ်ပြီး အောက်ဆီဂျင်ပေးထားတဲ့ပုံကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ဓာတ်ပုံ ဖြစ်ပါတယ်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly