ကိုဗစ်-၁၉ ၏ မူလဇစ်မြစ် စုံစမ်းမှုတွင် တရုတ်၏ ငြင်းဆိုမှုသည် အန္တရာယ်ရှိဟု အမေရိကန် သတ်မှတ်

ကိုဗစ်-၁၉ ၏ မူလဇစ်မြစ် စုံစမ်းမှုတွင် တရုတ်၏ ငြင်းဆိုမှုသည် အန္တရာယ်ရှိဟု အမေရိကန် သတ်မှတ်
Photo: EPA

ကိုဗစ်-၁၉ ရောဂါ၏ မူလဇစ်မြစ်အား ဒုတိအဆင့် စုံစမ်းစစ်ဆေးမှုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုပြုချက်အပေါ် တရုတ်အစိုးရ၏ ငြင်းဆိုမှုသည် ဟန့်တားနှောက်ယှက်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရက ဇူလိုင် ၂၃ ရက်တွင် စွပ်စွဲလိုက်သည်။

အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ ယန်းပီဆာကီက “သိပ္ပံနည်းကျ၊ ပွင့်လင်းမြင်သာမှုရှိစွာ ကျွမ်းကျင်သူတွေက ဦးဆောင်ပြီး ကြားဝင်စွက်ဖက်မှုမရှိစေရဘူးလို့ WHO က ကတိပြုထားတဲ့ ဒုတိယအဆင့် စုံစမ်းမှုအတွက် အမေရိကန်က ထောက်ခံပါတယ်” ဟု ပြောကြားသည်။

တရုတ်အစိုးရ၏ တုံ့ပြန်မှုနှင့် ပတ်သက်၍လည်း ပီဆာကီက “တရုတ်ရဲ့ မှတ်ချက်တွေဟာ WHO ရဲ့ စုံစမ်းမှုကို ငြင်းဆိုခြင်းလို့ မြင်ပါတယ်။ စိတ်ပျက်စရာ ကောင်းတယ်။ သူတို့ရဲ့ ရပ်တည်ချက်က တာဝန်မဲ့ပြီး အရှင်းဆုံးပြောရရင် အန္တရာယ်လည်း ရှိပါတယ်” ဟု ထည့်သွင်းပြောကြားသည်။

အလွန်လိုအပ်နေသည့် အချက်အလက်များနှင့် နမူနာများကို ပေးရန် အမေရိကန်က တရုတ်အား ဆက်လက်တောင်းဆိုသွားမည်ဟုလည်း သူမက ပြောကြားသည်။

“အခုလို ဆောင်ရွက်တာဟာ နောက်ထပ် ကပ်ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်ဖို့ပါ။ နောင်ကို ပြည်သူတွေအသက်ကို ကယ်ဖို့ ဖြစ်တဲ့အတွက် ဟန့်တားမှု မလုပ်သင့်ပါဘူး”

WHO ၏ အဆိုပြုချက်တွင် ဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်လာနိုင်ခြေရှိကြောင်း ပါရှိခဲ့ပြီးနောက် အဆင့် ၂ စုံစမ်းမှုကို တရုတ်က ငြင်းဆိုဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဒုတိယစုံစမ်းစစ်ဆေးမှုတွင် ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်သည်ဆိုသောအချက်အပေါ် လေ့လာမည်ဆိုခြင်းအား တရုတ်အစိုးရအနေဖြင့် အံ့အားသင့်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်၏ ဒုတိယခေါင်းဆောင် ကျန်းယိကျင်း၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ် မူလနဲ့ ပတ်သက်လို့ WHO ရဲ့ နောက်အဆင့် စုံစမ်းမှုမှာ ယုတ္တိရှိမှုကို အလေးမထားဘဲ သိပ္ပံပညာနဲ့လည်း ကိုက်ညီမှုမရှိတာကြောင့် ဒီအစီအစဉ်ကို လက်မခံနိုင်ပါဘူး” ဟု ယိကျင်းက ပြောကြားသည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အာဓမ်နွမ်ဂီဘရီယေးဆက်စ်ကလည်း တရုတ်အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစွာနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။

“ရောဂါကူးစက်ခံရသူ သန်းပေါင်းများစွာနဲ့ သေဆုံးသူ သန်းပေါင်းများစွာအတွက် ဒီကိစ္စဘယ်လိုဖြစ်တယ်ဆိုတာကို သိအောင် လုပ်ပေးဖို့ ကျွန်တော်တို့ တာဝန်ဖြစ်နေပါပြီ” ဟု ၎င်းက ပြောသည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားကြောင်း မှတ်တမ်းမတွေ့ရှိခင်က ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာနတွင် အလုပ်သမားများနှင့် သုတေသနပညာရှင်များတွင် ရောဂါ ကူးစက်ခံရမှု မရှိခဲ့ကြောင်းလည်း ကျန်းယိကျင်းက ပြောကြားသည်။

ကိုဗစ်-၁၉ မူလဇစ်မြစ်အား စုံစမ်းမှုကို သုံးသပ်သည့် အမေရိကန် တာဝန်ရှိသူများက ဗိုင်းရပ်စ်ပိုးသည် ဝူဟန်ဓာတ်ခွဲခန်းမှ ထွက်လာခြင်း ဖြစ်နို်ငသလို သဘာဝတောရိုင်းတိရစ္ဆာန်များမှ ပေါက်ပွားလာခြင်းလည်း ဖြစ်နိုင်ကြောင်း ယူဆထားသည်။

ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်လာသည်ဆိုသော အယူအဆ ပြီးခဲ့သည့် လများအတွင်း ပိုမိုမြင့်တက်လာသောကြောင့် ဗိုင်းရပ်၏ မူလဇစ်မြစ်ကို အဖြေရှာနိုင်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းကာ ရက် ၉၀ အတွင်း အဖြေရှာရန် ညွှန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required