တရုတ်က အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးသံတမန်သစ် ခန့်အပ်

By Ptinews.com
26 July 2021
တရုတ်က အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးသံတမန်သစ် ခန့်အပ်

မတည်ငြိမ်သော ရှင်ကျန်းပြည်နယ်၌ ဝီဂါမွတ်စလင်များနှင့် စစ်သွေးကြွများကြောင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ တရုတ်က ရင်ဆိုင်နေရချိန်တွင် စစ်ဘေးဒဏ်သင့်နေသော အာဖဂန်နစ္စတန်မှ အမေရိကန် စစ်တပ်များ ဆုတ်ခွာခြင်း၏ ဆိုးကျိုးသက်ရောက်မှုများကြောင့် စိုးရိမ်ပူပန်မှုများတိုးပွားလာနေသဖြင့် တရုတ်က အာဖဂန်နစ္စတန်ဆိုင်ရာ အထူးသံတမန်အသစ်ကို အစားထိုးခန့်အပ်လိုက်ကြောင်း ဇူလိုင်လ ၂၁ ရက်တွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက လက်ရှိ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် လျှိုကျန်းကို ကာတာ၊ ဂျော်ဒန်နှင့် အိုင်ယာလန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း ယွီရှောင်ယုန်းနှင့် အစားထိုးမည်ဟု ကြေညာခဲ့သည်။

လျှိုသည် ၂၀၂၀ ပြည့်နှစ်အစောပိုင်းက အာဖဂန်နစ္စတန်ဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခြင်း မခံရခင်က အာဖဂန်နစ္စတန်၊ မလေးရှားနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက အာဖဂန် အရေးကိစ္စသည် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အဓိက အကြောင်းအရာ ဖြစ်ကြောင်း၊ တရုတ်က သက်ဆိုင်သူများအားလုံးနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးသည်ဟု ခံယူထားကြောင်းနှင့် အာဖဂန်နစ္စတန် တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု ပြောကြားခဲ့သည်။

ယွီသည် ပါတီများထက် လုပ်ဖော်ကိုင်ဖက်များနှင့် အလုပ်သဘောဆက်ဆံရေးကို တည်ဆောက်ပြီး အနီးကပ် ဆက်သွယ်ညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဟု ယေဘုယျအားဖြင့် ပြောကြား ခဲ့သည်။

သြဂုတ်လ ၃၁ ရက်တွင် အမေရိကန်တပ်များ အပြီးသတ်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်းဒင်၏ အစိုးရအဖွဲ့က ကြေညာပြီးနောက် တရုတ်က အာဖဂန်နစ္စတန်တွင် သံတမန်ရေးရာ အရှိန်မြှင့်တင်မှုအတွက် ခန့်အပ်မှုအသစ်ကိုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တာလီဘန်များက အာဖဂန်နစ္စတန်တွင် စစ်ရေးထိုးစစ်များအရှိန်မြှင့်လုပ်ဆောင်ခဲ့သလို အီရန်၊ ပါကစ္စတန်နှင့် တရုတ်နိုင်ငံနယ်စပ်များကို သိမ်းပိုက်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

တရုတ်နိုင်ငံ၏ ရှင်ကျန်းပြည်နယ်နှင့် ကီလိုမီတာ ၉၀ ခန့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အာဖဂန်နစ္စတန်နိုင်ငံ၊ ဘူခါရှန်ပြည်နယ်တွင် အရှေ့တာကစ္စတန်အစ္စလာမ္မစ်လှုပ်ရှားမှု (ETIM) အဖွဲ့(ရှင်ကျန်းပြည်နယ် ခွဲထွက်ရေးအဖွဲ့) မှ ခွဲထွက်ရေးသမား စစ်သွေးကြွ အမြောက်အမြား စုရုံးရောက်ရှိနေကြောင်းသတင်းများက ဆိုသည်။

ရှင်ကျန်းပြည်နယ်သည် ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှမီးယားနှင့် တာဂျစ်ကစ္စတန်တို့နှင့်လည်း နယ်နိမိတ်ချင်းထိစပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required