အခြေအနေအားလုံး ကောင်းမွန်ကြောင်း ပြသရန် တရုတ်က ကြိုးစားနေဟု ပြည်ပရောက် တိဘက်အစိုးရ ပြောကြား

By Zee News
26 July 2021
အခြေအနေအားလုံး ကောင်းမွန်ကြောင်း ပြသရန် တရုတ်က ကြိုးစားနေဟု ပြည်ပရောက် တိဘက်အစိုးရ ပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တိဘက်လူမျိုးများ၏ ပြင်းပြသော ဆန္ဒကို နားလည်ပြီး တရုတ်-တိဘက် ပဋိပက္ခကို ဖြေရှင်းသင့်ကြောင်း ပြည်ပရောက် တိဘက်အစိုးရ(ဗဟိုတိဘက်အုပ်ချုပ်ရေး)၏ ပြောရေးဆိုခွင့်ရှိသူ တန်ဇီ လက်ခ်ရှေးက ပြောကြားလိုက်သည်။

ရှီကျင်းဖျင်၏ တိဘက်သို့ လျှပ်တပြက် ခရီးစဉ်သွားရောက်ပြီးနောက်တွင် တန်ဇီ လက်ခ်ရှေးက ယခုကဲ့သို့ မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က သမ္မတဟောင်း ကျန်ဇီမင်း သွားရောက်ပြီးနောက် နှစ်ပေါင်း ၃၀ အကြာတွင် တရုတ်သမ္မတတစ်ဦးအနေဖြင့် ရှီကျင့်ဖျင်က တိဘက်ဒေသသို့ အလည်အပတ်သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဒလိုင်းလားမားနှင့် တရုတ်အစိုးရ ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးမှုပြန်လည် စတင်ရန် တောင်းဆိုခဲ့ကြောင်းလည်း Zee News ၏ သံတမန်ရေးရာ သတင်းထောက် ဆစ်ဟန့်ဆီဘယ်လ်ကို လက်ခ်ရှေးက ပြောကြားခဲ့သည်။

တိဘက်၏ မြို့တော်လာဆာတွင် သမ္မတရှီအား ကြိုဆိုကပြနေရင်း တရုတ်အလံများ ဝှေ့ယမ်းနေပုံရသည့် တိုင်းရင်းသား အဝတ်အစားများ ဝတ်ဆင်ထားသည့် ဒေသခံများကို အစိုးရမီဒီယာများတွင် ပြသသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ သမ္မတရှီကျင့်ဖျင်သည် ပိုတာလာနန်းတော်ရင်ပြင်သို့လည်း သွားရောက်ခဲ့သည်။

ပိုတာလာနန်းတော်သည် တရုတ်သိမ်းပိုက်သည့် ၁၉၅၉ ခုနှစ်အထိ ဒလိုင်းလားမား၏ ဆောင်းရာသီနန်းတော် ဖြစ်ခဲ့သည်။

တရုတ်သမ္မတဖြစ်လာပြီးနောက် သူ၏ တိဘက်သို့ ပထမဆုံးအလည်အပတ်ခရီးဖြစ်ခြင်းကြောင့် တိဘက်သည် တရုတ်အတွက် အလွန်အရေးကြီးကြောင်းကို ပြသနေသည်ဟု ပြည်ပရောက် တိဘက်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တန်ဇီ လက်ခ်ရှေးက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required