တရုတ်နှင့် အငြင်းပွားမှု နောက်ဆက်တွဲအတွက် ပြင်ဆင်ထားကြောင်း သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး ပြောကြား

တရုတ်နှင့် အငြင်းပွားမှု နောက်ဆက်တွဲအတွက် ပြင်ဆင်ထားကြောင်း သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး ပြောကြား

တရုတ်က အချုပ်အခြာအာဏာကို ခုခံကာကွယ်ရန် ကုန်သွယ်ရေး အစီအစဉ်များကြောင့် မိမိတို့ ကြုံတွေ့ရမည့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများအတွက် ပြင်ဆင်ထားကြောင်း သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး ဒန်တီဟန်က ပြောကြားလိုက်သည်။

၎င်းအနေဖြင့် တရုတ်ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန်လည်း ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။

" စီးပွားရေး ထိခိုက်မှုတွေ ရှိလာမယ်ဆိုရင်တောင် ကျွန်တော်တို့က ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါတယ်"

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့နှင့်တွေ့ဆုံ၍ တရုတ်၏ လုပ်ရပ်များကို ရင်ဆိုင်ရန် ဆွေးနွေးမှုများအတွက် ဝါရှင်တန်သို့ ရောက်ရှိနေစဉ် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ကုန်သွယ်ရေးဝန်ကြီး ဒန်တီဟန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဆုံးသတ်မှာ ကျွန်တော်တို့ရဲ့ တန်ဖိုးတွေက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ အခြားအရာအားလုံးထက် ဒါတွေကို ပိုပြီးကာကွယ်ရမယ်လို့ ထင်ပါတယ် "

Huawei Technologies Co. က 5G ကွန်ရက်ကို တည်ဆောက်မည်ကို သြစတြေးလျက တားမြစ်ခြင်းကြောင့် ၂၀၁၈ ခုနှစ်မှစတင်၍ တရုတ်နှင့် သြစတြေးလျ၏ ဆက်ဆံရေး ဆိုးရွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် သြစတြေးလျ ဝန်ကြီးချုပ် စကော့မောရစ်ဆန်က တရုတ်ပြည် ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်၏ မူလဇစ်မြစ်များကို ရှာဖွေရန် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရေး တောင်းဆိုချက်ကြောင့် ဆက်ဆံရေးမှာ ပိုမို ယိုယွင်းသွားခဲ့သည်။

ကျောက်မီးသွေးမှ မုယော၊ ကျောက်ပုစွန်မှသည် ဝိုင်အထိ ကုန်ပစ္စည်းများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြင့် တရုတ်အစိုးရက တုံ့ပြန်ခဲ့သည်။

“ စီးပွားရေးအရ အတင်းအကြပ်ဖိအားပေးမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အားလုံးလုပ်ကိုင်နိုင်တဲ့ စုပေါင်း လုပ်ဆောင်မှုတွေရှိပါတယ်” ဟု ကုန်သွယ်ရေးဝန်ကြီး ဒန်တီဟန်က အကောင်းဆုံးမည်ကဲ့သို့ တုံ့ပြန်မည်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

“ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အခြားနည်းလမ်းတွေကို အသုံးပြုလို့ရမရကို ကျွန်တော်တို့ စဉ်းစားရ လိမ့်မယ်လို့ ထင်ပါတယ်”

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကဲ့သို့သော ဖိုရမ်များတွင် ပေကျင်း၏ လုပ်ဆောင်ချက်များကို ထုတ်ဖော် ပြောကြားခြင်းက တရုတ်အတွက် ဂုဏ်သိက္ခာအရ ထိခိုက်နိုင်မည်မှာ သေချာနေသည်။

 “သြစတြေးလျကို ဒီပြဿနာထဲမှာ သီးခြား ပစ်မထားပါဘူး” ဟု အမေရိကန်အစိုးရက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly