ကချင်အမျိုးသား ဦးမော်ထွန်းအောင် လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးအဖြစ်ခန့်အပ်ခံရ

ကချင်အမျိုးသား ဦးမော်ထွန်းအောင် လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးအဖြစ်ခန့်အပ်ခံရ

ဇူလိုင် ၂၆

အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် ဦးမော်ထွန်းအောင်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဒီကနေ့ဇူလိုင်လ ၂၆ ရက်တွင် အတည်ပြုခန့်အပ်တာဝန်ပေးကြောင်းသိရသည်။ 

၂၀၂၀ ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းသည့်အာဏာကို ကျင့်သုံးကာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာန်အရ ခန့်အပ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က ဒီကနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ 

သယံဇာတအရေး ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည့် ကချင်လူမျိုး ဦးမော်ထွန်းအောင်သည်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီကို ကိုယ်စားပြုပြီး မူဆယ်ခရိုင်အတွင်း မူဆယ်၊ ကွတ်ခိုင်နဲ့ န့မ်ခမ်းသုံးမြို့နယ်ပါဝင်တဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

နိုင်ငံရေးပါတီခုနစ် ခုယှဉ်ပြိုင်ခဲ့သည့် အဆိုပါမဲဆန္ဒနယ်တွင် တအာင်း (ပလောင်) အမျိုးသားပါတီက မဲရလဒ်သုံးထောင်ဝန်းကျင် ကွာဟချက်ဖြင့် ဦးမော်ထွန်းအောင်ကို အနိုင်ရခဲ့သည်။

ဦးမော်ထွန်းအောင်အား အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမည့်အပေါ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများစုက ထောက်ခံရေးသားကြပြီး လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလဲ “ကြိုဆိုပါတယ်” ဟု သူ့လူမှုကွန်ရက်တွင်ရေးသားထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly