တူနီးရှားသမ္မတက လွှတ်တော်ကို ရပ်ဆိုင်းပြီး ဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှား 

တူနီးရှားသမ္မတက လွှတ်တော်ကို ရပ်ဆိုင်းပြီး ဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှား 
Photo - AFP

ဇူလိုင် ၂၆

တူနီးရှားနိုင်ငံမှာ အာဏာရပါတီကို ဆန့်ကျင့်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်ပြီး နောက်ရက်မှာပဲ သမ္မတဖြစ်သူ ကိုင်အိဆေရိဒ်ဟာ နိုင်ငံရဲ့ လွှတ်တော်ကို ရပ်ဆိုင်းကြောင်းနဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဟီချမ်မီချီချီကို ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။ 

သမ္မတ အိမ်တော်ရာမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပပြီးနောက် သမ္မတ ကိုင်အိဆေရိဒ်ရဲ့ ခုလို ကြေညာချက် ထွက်ပေါ်လာပြီးချင်းမှာပဲ ထောက်ခံတဲ့သူတွေဟာ တူးနစ်မြို့က လမ်းတွေပေါ် ကားဟွန်းသံတွေ တီးရင်း ကြိုဆိုခဲ့ကြပါတယ်။ 

မြောက်အာဖရိကနိုင်ငံ တူနီးရှားနိုင်ငံမှာ အစိုးရရဲ့ စွမ်းဆောင်ရည် ညံ့မှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း မြင့်တက်လာခြင်းတို့ကြောင့် မြို့အတော်အတန်မှာ ပြည်သူ ထောင်ပေါင်းများစွာက စုရုံးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ 

မြို့တော် တူးနစ်မှာ ရာပေါင်းများစွာ ဆန္ဒပြသူတွေဟာ လွှတ်တော်ရှေ့မှာ စုရုံးကြပြီး အစ္စလာမ္မစ်ယိမ်းတဲ့ Ennahdha ပါတီနဲ့ ဝန်ကြီးချုပ် မီချီချီတို့ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြတာဖြစ်သလို လွှတ်တော် ဖျက်သိမ်းရေကိုပါ တောင်းဆိုခဲ့ကြတာပါ။ 

လူဦးရေ ၁၂ သန်းနီးပါး ရှိတဲ့ တူနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၁၈၀၀၀ ကျော်ထက်မနည်း သေဆုံးရပြီး ကပ်ဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ 

ဆန္ဒပြပွဲတွေဟာ ဂတ်ဖ်ဆာ၊ ကဲရောက်၊ မိုနာစတား၊ ဆုစ်နဲ့ တိုဇွဲမြို့တွေမှာလည်း ဖြစ်ပွားပေါ်ပေါက်ပါတယ်။ 

“လွှတ်တော်ကို ဖျက်သိမ်းဖို့ဆိုတာ ဖွဲ့စည်းပုံက ခွင့်မပြုထားပါ၊ ဒါပေမဲ့ ဖွဲ့စည်းပုံအရ လွှတ်တော်ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းနိုင်ဖို့ ခွင့်ပြုထားပါတယ်”လို့ ဖြစ်အံ့ဆဲဆဲ အန္တရာယ် အနေအထား ကိစ္စရပ်မျိုးတွေမှာ ခွင့်ပြုထားတဲ့ ပုဒ်မ ၈၀ ကို ကိုးကားပြိး သမ္မတက ပြောပါတယ်။ 

သမ္မတ ခန့်အပ်တဲ့ ခေါင်းဆောင်သစ် ဦးဆောင်မယ့် အစိုးရတစ်ရပ် ပေါ်ထွက်လာရေးမှာ ကူညီဖို့ အထူးလုပ်ပိုင်ခွင့်အာဏာကို ရယူထားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

တူနီးရှားမှာ အာဏာရှင် ဇီနီအယ်လ်အဘီဒီနီဘင်အလီကို ဖြုတ်ချခဲ့တဲ့ ၂၀၁၁ တော်လှန်ရေး လွန်မြောက်လို့ ဆယ်စုနှစ်တစ်ခုကို ဖြတ်ကျော်လာခဲ့ပေမယ့်လည်း ပြိုလဲနေတဲ့ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေ ပြန်လည်တည့်မတ်ရေးမှာ ရေရှည်ဖြစ်ပွားဆဲ နိုင်ငံရေး မတည်ငြိမ်မှုတွေက ခလုတ်ကန်သင်းအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ 

နိုင်ငံမှာ ရန်လိုမှု ပြင်းထန်တဲ့ နိုင်ငံရေးအလွှာကြောင့် ရေရှည်ပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မယ့် အစိုးရတွေ မဖွဲ့စည်းနိုင်ဘဲ ရှိနေရပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly