ပခုက္ကူနယ်သား ၉ ဦးကို လက်နက်လုပ်သည်ဟု စွပ်စွဲကာစစ်တပ်က ဖမ်းဆီး

ပခုက္ကူနယ်သား ၉ ဦးကို လက်နက်လုပ်သည်ဟု စွပ်စွဲကာစစ်တပ်က ဖမ်းဆီး

ဇူလိုင် ၂၆

ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု ကျေးရွာများမှ အရပ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်အတွက် လက်နက်လုပ်ပေးသည်ဟုဆိုကာ စစ်ကောင်စီတပ်က ရွာသား ၉ ဦးအားဖမ်းဆီးမှု ဒီကနေ့ ဇူလိုင်လ ၂၆ ရက် မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

“မနက် ၇ နာရီလောက် စစ်သားတွေ ကားအသေးလေး ငါးစီးနဲ့ အင်အား၄၀ လောက်ရှိမယ်ရောက်လာပြီး ရွာလမ်းတွေကိုပိတ်ပြီး လာဖမ်းကြတာ၊ ရွာမှာက ရေနံချက်ဖိုတွေလုပ်ဖို့အတွက် ဂဟေဆော်တာတွေလုပ်တာတွေရှိတာ၊ ဒါကို ဘယ်ဒလန်က PDF အတွက် လက်နက်လုပ်တယ်ဆိုပြီး သတင်းပေးလိုက်လဲမသိဘူး၊ လာဖမ်းကြတာ” ဟု ဒေသခံရွာသားတစ်ဦးက မဇ္ဈိမ ကိုပြောသည်။ 

ဆိက္ခဝကျေးရွာအုပ်စုထဲတွင် ပါဝင်သည့် ဆိက္ခဝကျေးရွာ၊ အရာတော်ကျေးရွာ၊ ရေနံချပ်ကျေးရွာမှ စုစုပေါင်း ၉ ဦးဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရသူများမှာ အသက် ၆၅ နှစ်အရွယ် ဦးခင်ညွန့်၊ အသက် ၅၀ အရွယ် ဦးအောင်ကျော်စိုးနှင့် ရေနံချပ်ကျေးရွာမှ ခုနစ်ဦး(အမည်မသိရသေး) တို့ဖြစ်သည်။ 

ဖမ်းဆီးခံရသူများအား ပခုက္ကူမြို့ပေါ်သို့ ဖမ်းဆီးသွားခြင်းဖြစ်ပြီး မိသားစုဝင်များနှင့် လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly