ဘယ်လို ရန်သူပစ်မှတ်မျိုးမဆို ရုရှရေတပ်က ဖျက်ဆီးပစ်နိုင်စွမ်း ရှိဟု ပူတင် ဝင့်ကြွား 

ဘယ်လို ရန်သူပစ်မှတ်မျိုးမဆို ရုရှရေတပ်က ဖျက်ဆီးပစ်နိုင်စွမ်း ရှိဟု ပူတင် ဝင့်ကြွား 
Photo - AFP

ဇူလိုင် ၂၆

ရုရှရဲ့ ရေတပ်ဟာ ရေအောက်နဲ့ ဝေဟင်က ရန်သူပစ်မှတ်တွေကို အကြီးအကျယ် တိုက်ခိုက်ဖျက်ဆီးပစ်နိုင်စွမ်း ရှိထားတယ်လို့ ဆိပ်ကမ်းမြို့ စိန့်ပီတာစဘတ်က ရေတပ်စစ်ရေးပြပွဲမှာ သမ္မတ ဗလာဒီမာပူတင်က ဝင့်ကြွားပြောဆိုပါတယ်။ 

ရန်သူတွေ အသာစီး မရနိုင်ဘူးလို့ ပူတင်က ရည်ညွှန်းပြောဆိုထားတဲ့ လက်နက်တိုက်ကနေ ခေတ်မီလက်နက်သစ်တစ်ချို့ကို စမ်းသပ်ခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူတွေက ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ ပူတင်က ခုလို ဂုဏ်ယူပြောဆိုလာတာပါ။ 

“ဒီကနေ့မှာ ရုရှရေတပ်ဟာ ကျွန်တော်တို့ တိုင်းပြည်နဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရေး အာမခံချက်ကျိန်းသေတာ မှန်သမျှကို ပိုင်ဆိုင်ထားပြီ”ဆိုပြီး ပူတင်က ပြောပါတယ်။ 

“ရေအောက်၊ မြေပေါ်နဲ့ ဝေဟင်က ရန်သူတွေကို ကျွန်တော်တို့ ထောက်လှမ်းနိုင်ပြီး လိုအပ်လာရင်တော့ ဖျက်ဆီးပစ်ဖို့ တိုက်ခိုက်နိုင်စွမ်းလည်း ရှိထားတယ်”လို့ ပူတင်က ပြောကြောင်း နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။ 

စစ်ရေယာဉ်တွေရဲ့ နှစ်ပတ်လည် စစ်ရေးပြပွဲ ပြင်ပန်းမှာ ပူတင်ဟာ အဖြူရောင် ယူနီဖောင်းတွေနဲ့ ရေတပ်အရာရှိတွေနဲ့အတူ ရုရှကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူ ခြံရံရင်း မိန့်ခွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ရုရှဟာ အသံထက်မြန် ပစ်မှတ်တိကျ လက်နက်တွေ တည်ဆောက်ရေးမှာ ကမ္ဘာမှာ ပြိုင်ဖက်ကင်းနေဆဲဖြစ်ပြီး ကမ္ဘာ့ ဦးဆောင် ရေတပ်အင်အားကြီးတွေထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်နေတယ်လို့ ပူတင်က ဆိုပါတယ်။ 

အမေရိကန်၊ တရုတ်၊ ပြင်သစ်နဲ့ အခြား အင်အားကြီး နိုင်ငံတွေဟာလည်း ကိုယ်ပိုင် အသံထက်မြန် လက်နက်တွေ တည်ဆောက်ရေး စီမံကိန်းတွေကို ကြေညာထားကြပြီး မကြာမီမှာ ရင်ဘောင်တန်းလာနိုင်ဖို့ ရှိနေပါတယ်။ 

ကမ္ဘာမှာ ဒုတိယ အကြီးဆုံး နျူကလီးယား လက်နက်တိုက်နဲ့ ပဲ့ထိန်းဒုံးကျည်တွေ အမြောက်အမြား ပိုင်ဆိုင်ထားတဲ့ ရုရှဟာ သူ့ ရန်သူတွေကို ဟန့်တားနိုင်မယ့် လုံလောက်တဲ့ စစ်ရေးစွမ်းရည်ထက်တောင် ပိုပြီး အင်အားတောင့်တင်းစွာ ရှိထားတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly