မန္တလေးတွင် အပြင်ထွက်ခွင့် အချိန်သတ်မှတ်ချက်ကို ပြန်လည်ရုပ်သိမ်းမည်

26 July 2021
မန္တလေးတွင် အပြင်ထွက်ခွင့် အချိန်သတ်မှတ်ချက်ကို ပြန်လည်ရုပ်သိမ်းမည်

ဇူလိုင် ၂၆

မန္တလေးမြို့တွင် အပြင်ထွက်ခြင်း၊ ဈေးဝယ်ခြင်းအတွက် မနက်တစ်ချိန် ညနေတစ်ချိန် အချိန် နှစ်ချိန် သတ်မှတ်လိုက်ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ထုတ်ပြန်ချက် ထုတ်ပြီး နာရီပိုင်းအတွင်း အချိန်သတ်မှတ်ချက်ကို ပြန်လည်ရုပ်သိမ်းမည်ဟု မန္တလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဇူလိုင် ၂၅ ရက် နေ့လည်ပိုင်းက မဇ္ဈိမကို ဆက်သွယ်ပြောဆိုလာသည်။

မနက် ၆နာရီမှ ၉နာရီအထိ တစ်ကြိမ်၊ ညနေ ၃နာရီမှ ၆ နာရီအထိတစ်ကြိမ် အပြင်ထွက်ခွင့် သတ်မှတ်ချက်ကို ပြင်ဆင်ခြင်းလားဟု မဇ္ဈိမ၏ မေးမြန်းမှုကို “ဟုတ်ပါတယ်။ အဲ့လိုမရှိတော့ဘူး။ အားလုံးတစ်ပြေးညီပဲ ပုံမှန်ဖြစ်သွားပြီ။ ပုံမှန် stay at home အတိုင်းပါပဲ။ ည ၁၀နာရီကနေ ၄နာရီအထိ ကာဗျူးအတိုင်းပဲ သွားမှာပေါ့။”ဟု အတည်ပြုပြောကြားခဲ့သည်။

အချိန်သတ်မှတ်ချက် ပြန်လည်ပြင်ဆင်မှုကို “ဒီညနေ ထပ်ပြီး announce လုပ်မှာပါ။ ညနေ ပုံမှန်ဆို ၆ခွဲ ၇နာရီလောက်ဆို အော်လေ့အော်ထရှိပါတယ်။ ညဆိုလည်း ၂ ခါ ၃ ခါလောက် အသိပေးပါတယ်” ဟု ရပ်ကွက်များအတွင်း လိုက်လံ ပြောင်းလဲ အသိပေးမည်ဟု ပြောသည်။

Coivd-19 တတိယလှိုင်းကာလအတွင်း Stay at Home သတ်မှတ်ထားသည့် မန္တလေးခရိုင်အတွင်းက မြို့နယ် ၇မြို့နယ်တွင် ဇူလိုင်လ ၂၅ရက်က စပြီး နံနက် ၆နာရီမှ ၉နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၃နာရီမှ ညနေ ၆နာရီအထိ နှစ်ကြိမ်သာ အပြင်ထွက် ဈေးဝယ်ခွင့်ပြုမည်ပြီးကာ သတ်မှတ်ချိန်ပြင်ပ ထွက်ပါက ဒဏ် ၅၀၀၀ ရိုက်မည်ဟု ဇူလိုင် ၂၅ရက် နံနက်တွင်း ကြေငြာခဲ့ပြီး ဝေဖန်မှုများ ရှိခဲ့ပြီးနောက် အချိန်ကန့်သတ်ချက်ကို ပယ်ဖျက်ကြောင်း ပြန်လည် ကြေငြာမည်ဖြစ်သည်။

အကြောင်းကိစ္စမျိုးစုံအတွက် အပြင်ထွက်သည့် ကာလများတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပေးထားသည့် ဈေးဝယ်ခွင့်ကတ်၊ နယ်မြေဖြတ်ကျော်ခွင့်ကတ်များ ယူဆောင်လာရန် လိုအပ်သည်ဟုဆိုသည်။

ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင်မူ မန္တလေးမြို့အတွင်း နေရာအတော်များများတွင် ဖမ်းဆီး ဒဏ်ရိုက်မှုများရှိနေဆဲ ဖြစ်ကြောင်း၊ မြို့နယ်ဖြတ်ကျော်ခွင့်ကတ် ပါသော်လည်း ဒဏ်ကြေးပေးဆောင်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် ဒေသခံများက ပြောသည်။

ကိုဗစ်တတိယလှိုင်းကာလအစ ဇူလိုင် လဆန်းပိုင်းကစတင်ပြီး မိသားစုအပြင်ထွက်ဈေးဝယ်ရန် နှင့် ကျန်းမာရေးကိစ္စအတွက် နယ်ကျော်ဖြတ်သန်းခွင့်ကတ်များ မြို့နယ်အလိုက် ထုတ်ပေးခဲ့ကြောင်း ဦးတင်ဝင်းရွှေကပြောသည်။ မြို့နယ်ကျော်ကာ သွားရောက်သူများအနေဖြင့် နယ်ကျော်ကတ်မပါလျှင် ယခင်အတိုင်း အရေးယူဆောင်ရွက်မှုမှာ အပြောင်းအလဲမရှိကြောင်း သိရသည်။

ယင်းအပြင် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုရန် နှင့် လိုက်နာမှုမရှိသည့် ဆိုင်များကို တည်ဆဲဥပဒေနှင့် အညီ တရားစွဲဆိုခြင်း၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး လိုင်စင်ပိတ်သိမ်းခြင်း ပြုလုပ်မည့် ညွန်ကြားချက်မှာလည်း မပြောင်းလဲကြောင်း သိရသည်။  
Coivd-19 တတိယလှိုင်းကို ကာကွယ်ရန် ဇူလိုင် ၁၇ရက် မှ ဩဂုတ် ၁ရက်ထိ ရုံးပိတ်ရက် ၁၆ရက် သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေငြာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly