ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲကြောင့် ပါကစ္စတန်၏ ကရာချိမြို့၌ ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်

ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲကြောင့် ပါကစ္စတန်၏ ကရာချိမြို့၌ ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ကူးစက်ခံလူနာဦးရေ မြင့်မားလျက် ရှိရာ ယင်းမြို့၏ ကိုဗစ်-၁၉ အခြေအနေမှာ ယခုအခါ အလွန်ပင် အန္တရာယ်ကြီးလာနေပြီး ထိတ်လန့်ဖွယ် ကောင်းနေကာ ယင်းသည် ကြီးလေးသည့် စိုးရိမ်ပူပန်မှုများ၏ အကြောင်းရင်းဖြစ်နေကြောင်း ကျန်းမာရေး ကျွမ်းကျင်ပညာရှင်အချို့က သတိပေးထားခဲ့သည်။

အဆိုပါ မြို့တွင် ဆေးရုံခုတင် ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ထားရပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရအနေဖြင့် မြို့အတွက် ကျန်းမာရေး အရေးပေါ်အခြေအနေများ ချမှတ်ရန် ဆရာ၀န် အဖွဲ့အစည်းအချို့က အကြံပြုထားကြောင်း The Gulf News က ဖော်ပြသည်။

“ကျွန်တော်တို့မှာ ဆေးရုံခုတင်တွေ ပြတ်လပ်နေသလို ဗိုင်းရပ်စ် မျိုးကွဲသစ်ကလည်း ကသောင်းကနင်း အခြေအနေတွေကို ဖြစ်ပေါ်ထားစေပါတယ်၊ လူတွေဟာလည်း ယခုအခါမှာ အဲဒီဗိုင်းရပ်စ်ရဲ့ ချုပ်ကိုင်မှုထဲမှာ ပိုပြီး ပိတ်မိနေပါတယ်” ကရာချိမြို့ Indus ဆေးရုံ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ အဗ္ဘဒူလ် ဘာရီက ပြောသည်။

ကရာချိမြို့ရှိ ကိုဗစ်-၁၉ အခြေအနေသည် ယခုအခါ အလွန်ပင် အန္တရာယ်ကြီးလာနေပြီး ထိတ်လန့်ဖွယ် ကောင်းနေကာ ပြည်နယ်ရှိ ကျန်းမာရေးအမှုထမ်းများအကြား ကြီးမားသည့် စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခု ဖြစ်စေလျက် ရှိကြောင်း ဆင်းန်ပြည်နယ် ၀န်ကြီးချုပ်၏ အကြံပေး ဆိနိတ်တာ မာတူဇာ ၀ါဟက်ဘ်က ပြောခဲ့ကြောင်း The Gulf News က ဖော်ပြသည်။

“မြို့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုနှုန်းဟာ ၂၄ နာရီအတွင်း ၂၃ ဒသမ ၂၁ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ဆယ်ရက်ကဆိုရင် ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၉ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာပါ” ဟု မာတူဇာက ပြောခဲ့သည်။

ကိုဗစ်-၁၉ ဆိုင်ရာ စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများ (SOPs) များကိုလည်း ပြည်သူများက လိုက်နာနေခြင်း မရှိဟု သိရသည်။ Eid Al Adha အားလပ်ရက် ရာသီကာလ နီးကပ်လာမှုနှင့်အတူ ယင်းသည် မြို့တွင်း၌ အလွန် အန္တရာယ်ကြီးပြီး ထိတ်လန့် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်ကြောင်း မာတူဇာက ပြောခဲ့သည်။

ပါကစ္စတန်တွင် ဇူလိုင် ၂၀ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာသစ် ၂,၁၄၅ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ ယခုအခါ ပါကစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၉၉၁,၇၂၇ ဦး ရှိနေခဲ့ကာ သေဆုံးသူစုစုပေါင်း ၂၂,၈၄၈ ဦး ရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly