ပါကစ္စတန်တွင် အတင်းအဓမ္မဖမ်းဆီးခြင်းအတွက် စိုးရိမ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြား

ပါကစ္စတန်တွင် အတင်းအဓမ္မဖမ်းဆီးခြင်းအတွက် စိုးရိမ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြား

ပါကစ္စတန်နိုင်ငံတွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူကို အတင်းအဓမ္မ ဖမ်းဆီးခြင်းအတွက် စိုးရိမ်ကြောင်းကို ဆွစ်ဇာလန်၊ လူဇင်ဘတ်ဂ်၊ ဘယ်ဂျီယံအပါအဝင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ဥရောပ အဖွဲ့ဝင်နိုင်ငံများက စာရေးသားပြီး ဆင်းချ်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ပေးပို့ခဲ့သည်။

ပုဂ္ဂလိကအိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သူများကို ဆန့်ကျင်ရန် စည်းရုံးလှုံ့ဆော်ခဲ့သဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူနှင့် အဝါမီအလုပ်သမားပါတီ (AWP) ၏ အလုပ်သမားအတွင်းရေးမှူး ဆင်ဂါ နိုနာရီသည် ဇွန်လ ၂၆ ရက်တွင် နာစီရာဘတ်ရှိ သူ၏ နေအိမ်၌ ဖမ်းဆီးခံခဲ့ရသည်။

အဝါမီအလုပ်သမားပါတီက ဆင်းချ်ပြည်နယ်ရှိ ပုဂ္ဂလိကပိုင်မြေယာသိမ်းဆည်းသူများ၏ တရားမဝင်မြေယာသိမ်းယူမှုများအား အမျိုးသားနေ့လှုပ်ရှားမှုမတိုင်မီတွင် ဆန့်ကျင်ဆန္ဒပြရန် စီစဉ်ထားသော်လည်း ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ အရပ်ဝတ်များ ဝတ်ဆင်ထားသည့် အမျိုးသား ၁၅ ဦးသည် ဆင်ဂါ နိုနာရီကို မျက်နှာအုပ်၍ ခေါ်ဆောင်မသွားမီ အိမ်ကို မွှေနှောက်ရှာဖွေခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

လန်ဒန်မြို့ရှိ ပါကစ္စတန်နိုင်ငံဆိုင်ရာ ကော်မရှင်နာရုံးရှေ့တွင် ဇူလိုင် ၁၂ ရက်က ယင်းကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး နိုနာရီကို ချက်ချင်းပြန်လွှတ်ပေးရန် စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသည်။

နိုနာရီ၏ဇနီးကလည်း သူမ၏ ခင်ပွန်းအား ဖမ်းဆီးထားသည့်နေရာကို ပြောကြားရန်နှင့် ချက်ချင်းလွှတ်ပေးရန် ဆင်းတရားရုံးချုပ်သို့ အသနားခံစာတင်သွင်းခဲ့သည်။

ဘတ်ရီနာမြို့စီမံကိန်းများအတွက် တက်တာဒေသများအပါအဝင် ဆင်းချ်ပြည်နယ်၏ အရင်းအမြစ်များနှင့် မြေများကို မတရားသိမ်းယူခြင်းကို ကန့်ကွက် ဆန္ဒပြရန်အတွက် လာကန်နာမြို့နှင့် ဆင်းချ်ပြည်နယ်၏ အခြားဒေသများတွင် Jiye Sindh QuamiMahaz ပါတီက လူထုစုဝေးပွဲပြုလုပ်ရန်နှင့် ကရာချိမြို့တွင် ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု ဇူလိုင်လ ၁၁ ရက်က ပါကစ္စတန်မီဒီယာများတွင် ဖော်ပြခဲ့သည်။

ဆွေးနွေးပွဲတွင်ပါဝင်သူများ ကရာချိမြို့၏ စိမ်းလန်းသောပတ်ဝန်းကျင်သည် အိမ်ရာစီမံကိန်းအမျိုးမျိုးကြောင့် ခြိမ်းခြောက်ခံနေရကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly