ကိုဗစ်-၁၉ စစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရန် တရုတ်၏ ငြင်းဆိုမှုအပေါ် အမေရိကန်အစိုးရ စိတ်ပျက်

ကိုဗစ်-၁၉ စစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရန် တရုတ်၏ ငြင်းဆိုမှုအပေါ် အမေရိကန်အစိုးရ စိတ်ပျက်

ကိုဗစ်-၁၉ စတင်ဖြစ်ပွားခြင်းအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟု စုံစမ်စစ်ဆေးမှုတွင် ပါဝင်ရန် တရုတ်အစိုးရ၏ ငြင်းဆိုမှုကို အမေရိကန်အစိုးရ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အရာရှိ ယန်ဆာကီက ဇူလိုင် ၂၂ ရက်တွင် ပြစ်တင်ပြောကြားလိုက်သည်။

တရုတ်၏ ငြင်းဆိုမှုကို သမ္မတဘိုင်ဒင်အစိုးရက များစွာ စိတ်ပျက်ကြောင်းလည်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပီဆာကီက သတင်းထောက်များအား ပြောကြားသည်။

“သူတို့ရဲ့ ရပ်တည်မှုက တာဝန်မဲ့ပြီး ပွင့်လင်းမြင်သာမှုမရှိသလို အန္တရာယ်လည်း များပါတယ်။ အချက်အလက်တွေနဲ့ နမူနာတွေကို ရရှိဖို့ အခြားကမ္ဘာ့နိုင်ငံတွေနဲ့အတူ မိမိတို့အနေနဲ့ တရုတ်ကို တောင်းဆိုပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

“ဒီကိစ္စက အရေးကြီးပါတယ်။ သေသေချာချာသိမှသာ နောက်ထပ် ကပ်ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အနာဂတ်မှာ အသက်တွေကို ကယ်ဖို့လိုပြီး ခေါင်းမာနေရမယ့်အချိန် မဟုတ်ပါဘူး” ဟု ပီဆာကီက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး၏ မူလဇစ်မြစ်ကို တရုတ်နိုင်ငံတွင် ဒုတိယအဆင့်အဖြစ် ရှာဖွေလေ့လာရန် WHO က ဇူလိုင်လ အစောပိုင်းတွင် ကမ်းလှမ်းခဲ့ရာတွင် ဓာတ်ခွဲခန်းများမှ စာရင်းဇယားများနှင့် ဝူဟန်မြို့မှ ဈေးများကို စစ်ဆေးရန် တာဝန်ရှိသူများက ပွင့်လင်းစွာ ပူးပေါင်းပါဝင်ရန် တောင်းဆိုခဲ့သည်။

တရုတ်ကျန်းမာရေးကော်မရှင်၏ ဒုတိယဝန်ကြီး ကျန်းယိရှင်က ကမ်းလှမ်းမှုအား တုံ့ပြန်ခဲ့ရာတွင် WHO ၏ အစီအစဉ်သည် အခြေအနေမှန်ကို အသိအမှတ်မပြုသလို သိပ္ပံပညာရပ်အပေါ် ဂရုမစိုက်ခြင်းဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် လုံခြုံစွာ သိမ်းဆည်းရန် လိုအပ်သောကြောင့် အချက်အလက်အချို့ကိုပေးရန် မဖြစ်နိုင်ကြောင်း ကျန်းက ပြောကြားသည်။

တရုတ်၏ သဘောထားနှင့် ပတ်သက်၍ ပီဆာကီက တရုတ်နိုင်ငံသည် ကပ်ရောဂါကို စုံစမ်းမှုနှင့် ပတ်သက်၍ တာဝန်ယူမှု မရှိကြောင်း၊ ပွင့်လင်းမြင်သာမှု ပိုမိုရှိစေရေးကို သမ္မတဘိုင်ဒင် အစိုးရက ပူးပေါင်းပါဝင်မှုများနှင့် ဖိအားပေးမှုများကို ကမ္ဘာ့နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

တရုတ်နိုင်ငံနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ ကိုင်တွယ်ရာတွင် သမ္မတဘိုင်ဒင်၏ မဟာဗျူဟာသည် ဝိုင်းပတ်ချည်းကပ်နည်းဖြစ်ကြောင်း ပီဆာကီက ပြောသည်။ “အမေရိကန်ကပဲ ဒီကိစ္စကို တောင်းဆိုနေတာမဟုတ်ဘူး။ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ စုပေါင်းပြီး နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ တောင်းဆိုသွားပါမယ်” ဟုလည်း ၎င်းက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required