အောက်ဆီဂျင်အိုးရှာနေသူ ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်နှင့်ပစ်၍ ၁ ဦးဒဏ်ရာရ

အောက်ဆီဂျင်အိုးရှာနေသူ ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်နှင့်ပစ်၍ ၁ ဦးဒဏ်ရာရ
ဓာတ်ပုံ- ပြည်မြို့တွင် COVID-19 ကူးစက်မှုထိန်းချုပ်ရန်ဆိုကာ ဆိုင်ကယ်တစ်စီးတွင် လူနှစ်ယောက်မစီးရန် စစ်ကောင်စီတပ်က လိုက်လံကြေညာနေပုံဖြစ်သည်။

ဇူလိုင် ၂၅

အောက်ဆီဂျင်အိုးရှာနေသူနှစ်ဦးကို စစ်ကောင်စီတပ်က အမေးအမြန်းမရှိ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရမှု ယနေ့နေ့လည်က ပြည်မြို့တွင်ဖြစ်ပွားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွှေတံခါးရပ်ကွက် အပိုင်း (၄)၏ (၆) လမ်းတွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးပေါ်တွင် စီးနင်းလိုက်ပါလာရာ လှည့်ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်၍ တစ်ယောက်မှာဒဏ်ရာရသွားပြီး တစ်ယောက်ကတော့ထွက်ပြေးလွတ်မြောက်သွားသည်။

ဒဏ်ရာရသွားခဲ့သော အောင်သုခရပ်ကွက် အောင်သစ္စာလမ်းနေထိုင်သူအမျိုးသားကို မနုဿမေတ္တာပရဟိတအသင်းကဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ 

မျက်မြင်တွေ့ရှိသူတစ်ဦးက "သူတို့ နှစ်ယာက်က ဆိုင်ကယ်တစ်စီးတည်းအတူတူစီးလာတာ။ အဲ့ဒါကို စစ်သားတွေက တားတောင်မတားဘဲ ပစ်ထည့်လိုက်တာ တယောက်က ရင်ဘတ်ထိသွားတယ်။ ကျန်တယောက်တော့ ဘယ်ထိလဲတော့မသိဘူး။ "ဟု  ပြောသည်။ 

 ဇူလိုင်၁၇ရက်နေ့မှစတင်ကာ အာဏာသိမ်း စစ်ကောင်စီမှ မြန်မာတနိုင်လုံးကို အပြင်ထွက်ခွင့်အချိန်ကန့်သတ်ရာ ပဲခူးမြို့နှင့်ပြည်မြို့တွင် COVID-19 ကူးစက်မှုထိန်းချုပ်ရေးဟုဆိုကာ ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးတည်းမောင်းနှင်ရန် အမိန့်ထုတ်ထားသည်။ လူတစ်ဦးထက်ပိုပြီး စီးနှင်းသည်ကိုတွေ့ရှိပါက ဒဏ်ကြေးငွေ ကျပ် ၁၀,၀၀၀ မှ ၅၀,၀၀၀ အထိပေးဆောင်စေလေ့ရှိသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း လာရောက်ကြည့်ရှု့သူများကိုလည်း စစ်တပ်က ပစ်ခတ်၍ ထွက်ပြေးကြရပြန်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly