မန္တလေးတွင် ဈေးဝယ်ခွင့်သတ်မှတ်ချိန်ပြင်ပထွက်ပါက ဒဏ်ရိုက်မည်၊ ဆိုင်ထိုင်ရောင်းသည့် စားသောက်ဆိုင်များ လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု စစ်ကောင်စီ အမိန့်ထုတ်

မန္တလေးတွင် ဈေးဝယ်ခွင့်သတ်မှတ်ချိန်ပြင်ပထွက်ပါက ဒဏ်ရိုက်မည်၊ ဆိုင်ထိုင်ရောင်းသည့် စားသောက်ဆိုင်များ လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု စစ်ကောင်စီ အမိန့်ထုတ်

ဇူလိုင် ၂၅

မန္တလေးမြို့တွင် အပြင်ထွက်ခြင်း၊ ဈေးဝယ်ခြင်းအတွက် အချိန် နှစ်ချိန် သတ်မှတ်လိုက်ပြီး စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များလည်း ဆိုင်ထိုင်ရောင်းချပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု ဇူလိုင် ၂၅ရက် နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီလက်အောက် သက်ဆိုင်ရာမြို့နယ်အလိုက် စီမံခန့်ခွဲရေးအဖွဲ့တွေက ကြေငြာချက် ထုတ်ပြန်လိုက်သည်။

Coivd-19 တတိယလှိုင်းကာလအတွင်း Stay at Home သတ်မှတ်ထားသည့် မန္တလေးခရိုင်အတွင်းက မြို့နယ် ၇မြို့နယ်တွင် ဇူလိုင်လ ၂၅ရက်က စပြီး နံနက် ၆နာရီမှ ၉နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၃နာရီမှ ညနေ ၆နာရီအထိ တစ်ကြိမ်သာ အပြင်ထွက် ဈေးဝယ်ခွင့်ပြုမည်ဖြစ်သည်။ သတ်မှတ်ချိန်ပြင်ပတွင် အရေးပေါ် ကျန်းမာရေးကိစ္စအပ လမ်းပေါ်ထွက်သူတွေကို ဒဏ်ငွေ ၅၀၀၀ ကျပ် ဒဏ်ရိုက်မည်ဟု ကြေငြာချက်တွင် ထည့်သွင်းထားသည်။

“သတ်မှတ်ချက် မလိုက်နာရင် အရေးယူဖို့ ပြောထားပါတယ်။ ဒါပေမယ့် ကျန်းမာရေးလို အရေးပေါ်အခြေအနေဆိုရင်တော့ ညှိနှိုင်းလို့ရပါတယ်။” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ကိုဗစ်တတိယလှိုင်းကာလအစ ဇူလိုင် လဆန်းပိုင်းကစတင်ပြီး မိသားစုအပြင်ထွက်ဈေးဝယ်ရန် နှင့် ကျန်းမာရေးကိစ္စအတွက် နယ်ကျော်ဖြတ်သန်းခွင့်ကတ်များ မြို့နယ်အလိုက် ထုတ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။

“ဒါပေမယ့် ကတ်ပြားကို စိတ်မဝင်စားကြဘူး။ လာမထုတ်ကြတာလည်း ရှိတယ်။ နယ်ကျော်လို့ လမ်းမှာစစ်ဆေးမှ သိပြီး လာထုတ်တာလည်းရှိတယ်။ အခု ရုံးပိတ်ရက် သတ်မှတ်လိုက်တဲ့ ကာလအတွင်းကိုတော့ ဖိဖိစီးစီးလေး လုပ်ချင်တယ်ဗျ။” ဟု ဦးတင်ဝင်းရွှေကပြောသည်။

Coivd-19 တတိယလှိုင်းကို ကာကွယ်ရန် ဇူလိုင် ၁၇ရက် မှ ဩဂုတ် ၁ရက်ထိ ရုံးပိတ်ရက် ၁၆ရက် သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေငြာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly