မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်၏ လုပ်ဆောင်ချက်များကို အနီးကပ်စောင့်ကြည့်ရန်လိုဟု အိန္ဒိယစစ်တပ်အကြီးအကဲ ပြော 

မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်၏ လုပ်ဆောင်ချက်များကို အနီးကပ်စောင့်ကြည့်ရန်လိုဟု အိန္ဒိယစစ်တပ်အကြီးအကဲ ပြော 

ဇူလိုင် ၂၅

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အနီးကပ် စောင့်ကြည့်ရန်လိုပြီး အဆိုပါ အရှေ့တောင်အာရှနိုင်ငံတွင် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီး နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ ရှိခဲ့ပြီးနောက် တရုတ်က ရှေ့တိုးတက်လှမ်းလုပ်ဆောင်နေမှုများ ထပ်ရှိနေကြောင်း အိန္ဒိယစစ်တပ်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင် ရာဝပ်က ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေနဲ့အတူ တရုတ်ရဲ့ BRI ဆိုတဲ့ လမ်းတွေ၊ မီးရထားလမ်းတွေနဲ့ စွမ်းအင် စင်္ကြန်တွေ တည်ဆောက်မယ့် စီမံကိန်းက နောက်ထပ် တွန်းအားတစ်ခု ရဖို့ သေချာနေပါတယ်” ဟု ဗိုလ်ချုပ်ကြီး ရာဝပ်က “အိန္ဒိယ အရှေ့မြောက်ရှိ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ဆိုသည့် အွန်လိုင်းဟောပြောပွဲတစ်ခုတွင်ထည့်သွင်းပြောကြားသွားခဲ့သည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ‘ပုံမှန် နဂိုအခြေအနေ ပြန်ရောက်ရှိရေး’ က  အရှေ့မြောက်ဒေသ၊ အထူးသဖြင့် အိန္ဒိယအတွက် ကောင်းမွန်သည့် နမိတ် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ‘မိမိတို့နှင့် မြန်မာနိုင်ငံအကြား သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုများ ရှိနေ၍ ဖြစ်ကြောင်း’ အိန္ဒိယစစ်တပ်၏ ရာထူးအမြင့်ဆုံးစစ်ဘက်အရာရှိကြီးက ပြောကြားခဲ့သည်။

အိန္ဒိယ၏ အရှေ့မြောက်ဒေသနှင့် နိုင်ငံ၏ ကျန်ဒေသဧရိယာများကို ကျဉ်းမြောင်းပြီး ပျော့ကွက်ရှိသော ဆီလီဂူရီ စင်္ကြန် သို့မဟုတ် ‘ကြက်လည်ပင်း’ ဖြင့် ဆက်သွယ်ထားကာ ယင်းသည် ‘ပထဝီ မဟာဗျူဟာဆိုင်ရာအရ အလွန်အရေးပါပြီး’ အထူးသဖြင့် တရုတ်က ယင်းဒေသကို ထိခိုက်စေလိုဟန်ဖြင့် ကြည့်ရှုနေခဲ့သည့် နောက်ခံတစ်ခု ရှိနေကြောင်း ဗိုလ်ချုပ်ကြီး ဘီပင် ရာဝပ်က ပြောသွားခဲ့သည်။

ရိုဟင်ဂျာ ဒုက္ခသည်များ ရှိနေမှုကလည်း ဒေသအတွက် နောက်ထပ် ထွက်ပေါ်လာနေသည့် စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်သည်။ “ဒီနေရာမှာ အစွန်းရောက် အစ္စလမ္မစ် အုပ်စုတွေက ဒေသ တည်ငြိမ်လုံခြုံရေးကို ထိပါးစေဖို့နဲ့ အကျပ်အတည်းဒုက္ခတွေဖြစ်အောင် လှုံ့ဆော်ဖို့ ဒါကို အသုံးချသွားနိုင်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

အိန္ဒိယအတွက် တရုတ်အပြင် အခြားသော လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်စရာ ကိစ္စရပ်များ ရှိနေပြီး အရှေ့မြောက်ဒေသရှိ စိမ့်ဝင်နိုင်သော နယ်စပ်များ ရှိနေခြင်းနှင့်အတူ သောင်းကျန်းသူ လှုပ်ရှားမှု၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှု စသည်တို့သည် စိုးရိမ်ပူပန်စရာ ကိစ္စရပ်များ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နှင့် မြန်မာကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် လုံခြုံသည့် ခိုလှုံရာနေရာများ ဆုံးရှုံးမှုနှင့် အရှေ့မြောက် ဒေသတွင် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးများ ဆောင်ရွက်မှုတို့ကြောင့် အကြမ်းဖက်မှု လယ်ဗယ်များတွင် သိသိသာသာ ကျဆင်းထားခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းတဲ့ ဆွေး‌နွေးမှုတွေကနေတဆင့် ဒီလို အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေကို ထပ်မံခိုင်မာအောင် လုပ်ဖို့ လိုပါတယ်” ဟု အိန္ဒိယဗိုလ်ချုပ်ကြီးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly