ကိုဗစ်ကပ်ဘေးအောက် တိုကျိုအိုလံပစ်အားကစားပွဲ ဖွင့်ပွဲကို ပွဲကြည့်ပရိသတ် မပါဘဲ ကျင်းပ

ကိုဗစ်ကပ်ဘေးအောက် တိုကျိုအိုလံပစ်အားကစားပွဲ ဖွင့်ပွဲကို ပွဲကြည့်ပရိသတ် မပါဘဲ ကျင်းပ
Photo - AFP

ဇူလိုင် ၂၄

ကိုဗစ်ကြောင့် တစ်နှစ်တာ နှောင့်နှေးခဲ့ရတာနဲ့ ကြာရှည်နေတဲ့ ကိုဗစ်ခြိမ်းခြောက်မှုတွေကို တွန်းလှန်ရင်း တိုကျိုအိုလံပစ်ပွဲ ဖွင့်ပွဲကို ပွဲကြည့်ပရိသတ် မရှိတဲ့ အားကစားကွင်းတစ်ကွင်းမှာ သောကြာနေ့က ဖွင့်ပွဲကျင်းပပါတယ်။ ဒီအတွက် သမိုင်းတစ်လျှောက် တစ်မူအထူးဆုံး အိုလံပစ်ဖွင့်ပွဲအဖြစ် မှတ်တမ်းတင်ဖို့ ရှိနေပါတယ်။ 

တိုကျိုမြို့မှာရှိတဲ့ လူ ၆၈၀၀၀ ဆံ့ အိုလံပစ်အားကစားကွင်းက ထိုင်ခုံလွတ်ပေါင်း ထောင်ပေါင်းများစွာကို နောက်ခံထားရင်း ဂျပန်ဘုရင်မင်းမြတ် နာရူဟီတိုက ဖွင့်ပွဲကို ကြေညာခဲ့ပါတယ်။  

“တိုကျို အားကစားပွဲတွေ ဖွင့်လှစ်ကျင်းပပြီဖြစ်ကြောင်း ကျွန်တော် ကြေညာပါတယ်”ဆိုပြီး အဖြူရောင် ခွဲခန်းသုံး နှာခေါင်းစည်း တပ်ဆင်ထားတဲ့ ဘုရင်က ကြေညာခဲ့တာပါ။ 

ကိုဗစ်-၁၉ ကြောင့် ပွဲကျင်းပစီစဉ်သူတွေအနေနဲ့ ပွဲကြည့်ပရိသတ်တွေကို တားမြစ်ထားတဲ့ အခု ဖွင့်ပွဲမှာ အရေးကြီးပုဂ္ဂိုလ် ၁၀၀၀ လောက်နဲ့ အားကစားသမား သုံးလေးထောင်လောက်ပဲ တက်ရောက်ခွင့် ရခဲ့တာပါ။ စီတန်းလှည့်လည်တဲ့ အားကစားသမားဦးရေဟာလည်း ပုံမှန်အရေအတွက်ထက် များစွာ နည်းပါးပြီး ၅၇၀၀ လောက်ပဲ ရှိကာ သူတို့က လူခွာနေတာမျိုး မရှိပေမယ့် အားလုံးဟာ နှာခေါင်းစည်းတွေကိုတော့ တပ်ဆင်ထားကြပါတယ်။ 

“ကျွန်တော်တို့ စိတ်ကူးထားသမျှတွေကနေ အခု အိုလံပစ်ပွဲကတော့ တော်တော်လေး ကွဲပြားခြားနားပါလိမ့်မယ်”လို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ရှ်က ပြောပါတယ်။ 

ဒါပေမဲ့ ‘ဒီကနေ့ဟာ မျှော်လင့်ချက် အချိန်ကာလလည်းပဲ’ ဖြစ်တယ်ဆိုပြီး သူက မိန့်ခွန်းမှာ ပြောပါတယ်။ 

အားကစားအမျိုးအစားပေါင်း ၃၃ ခုမှာ ရွှေတံဆိပ်ဆုပေါင်း ၃၃၉ ဆု ချီးမြှင့်မယ့် ၁၆ ရက်ကြာ အိုလံပစ်ပွဲဟာ ကပ်ဘေးကြောင့် ပွဲစီစဉ်သူတွေအနေနဲ့ ပွဲကြည့်ပရိသတ် မရှိသလောက် ပထမဆုံး အိုလံပစ်ပွဲအဖြစ် မဖြစ်မနေ ကျင်းပဖြစ်လာရတော့တာ ဖြစ်ပါတယ်။ 

အားကစားသမားတွေကိုတော့ နေ့စဉ် ကိုဗစ် စစ်ဆေးစမ်းသပ်မှာ ဖြစ်ပေမယ့် ဘေးအန္တရာယ် အရိပ်လွှမ်းနေတဲ့အောက်မှာ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး သူတို့ရဲ့ အိုလံပစ်အိပ်မက်တွေဟာ ပိုးစစ်ဆေးတွေ့ရှိတယ်ဆိုတာနဲ့ ပျက်စီးသွားရလိမ့်မှာပဲ ဖြစ်ပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲမှာ အားကစားသမားပေါင်း ၁၁၀၀၀  စုရုံးရောက်ရှိကြတဲ့အပေါ် စိုးရိမ်ပူပန်မှုကတော့ ကိုဗစ် အမြန်ကူးစက်မှု ဖြစ်လာလိမ့်မယ်ဆိုတာပဲ ဖြစ်ပြီး ကောက်ယူတဲ့ မဲရလဒ်တွေအရလည်း ဂျပန်ပြည်သူတွေကြားမှာ အခု အိုလံပစ်ပွဲ ကျင်းပတာကို အတော်လေး မနှစ်သက်ကြကြောင်းကို တွေ့ရှိရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly