အိန္ဒိယမှာ မြေပြိုမှုတွေ ဖြစ်ပြီး လူ ၃၆ ဦး သေဆုံးကာ ဒါဇင်များစွာ ပျောက်ဆုံးနေ 

အိန္ဒိယမှာ မြေပြိုမှုတွေ ဖြစ်ပြီး လူ ၃၆ ဦး သေဆုံးကာ ဒါဇင်များစွာ ပျောက်ဆုံးနေ 
Photo - AFP

ဇူလိုင် ၂၃

အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးကြောင့် မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၃၆ ဦး သေဆုံးကြောင်း အာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။ 

မဟာရတ်ရှ်ထရာပြည်နယ် ရိုင်ဂတ်ခရိုင်မှာ ကြာသပတေးနေ့က မြေပြိုမှု သုံးရပ် ဖြစ်ပွားပြီးတဲ့နောက်မှာ လူ ၄၀ လောက် ပျောက်ဆုံးနေပါတယ်။ 

“အနည်းဆုံး ၃၅ ယောက်ကနေ ၄၀ လောက် ပိတ်မိနေဆဲ ဖြစ်တယ်၊ သူတို့ကို ကယ်တင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်”လို့ ဌာနေတာဝန်ရှိသူတစ်ဦးက ပြောပြီး “မနေ့က မိုး အရမ်းသည်းတာကြောင့် ဒီ ခရိုင်အတွင်းမှာ မြေ သုံးခါ ပြိုကျမှု ဖြစ်ခဲ့ပြီး သေဆုံးရသူ ၃၆ ဦး ရှိတယ်”ဆိုပြီး ထပ်လောင်းပြောပါတယ်။ 

မိုးသည်းထန်လို့ ရေကြီးရေလျှံမှုတွေ ဖြစ်တာကြောင့် ပြည်သူ ထောင်ပေါင်းများစွာ သောင်တင်နေရာမှာ ရေတပ်နဲ့ လေတပ်ဟာ တစ်ချိန်တည်းမှာပဲ ပူးပေါင်းကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိနေပါတယ်။ 

မြေပြိုမှုတွေကြောင့် မွမ်ဘိုင်းကနေ ဂိုအာသွားတဲ့ အဝေးပြေးလမ်းမကြီး အပါအဝင် လမ်းတွေ ပိတ်ဆို့နေတာဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဟန့်အတား ဖြစ်နေရပါတယ်။ 

မွမ်ဘိုင်းကနေ မိုင် ၁၆၀ အကွာက ချီပလန်မြို့ ဧရိယာတွေမှာ ရေမြင့်တက်တာဟာ ၁၂ ပေ (၃ဒသမ ၅ မီတာ) အထိ ရှိနေပါတယ်။ ၂၄ နာရီ မစဲတမ်း မိုးရွာသွန်းပြီးတဲ့နောက်မှာ ဗာရှီသီမြစ်ရေ လျှံတက်ပြီး လမ်းတွေ၊ အိမ်တွေ ရေဖုံးလွှမ်းနစ်မြုပ်ပါတယ်။ 

ရေဘေးသင့်ရာ ဧရိယာတွေဆီ ရာဘာလှေတွေ၊ အသက်ကယ်အင်္ကျီတွေနဲ့ အသက်ကယ်ဘောကွင်းတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ ခုနစ်ဖွဲ့ကို ရေတပ်က စေလွှတ်ဖြန့်ကြက်ထားသလို သောင်တင်နေတဲ့ ဒေသခံတွေကိုလည်း ရဟတ်ယာဉ်နဲ့ ကယ်ထုတ်နေပါတယ်။ 

ရေတပ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့စီမှာ အထူးရေတပ်ရေငုပ်သမားတွေကိုလည်း အင်အားဖြည့်ထားတာ ဖြစ်ပါတယ်။ 

အိန္ဒိယမိုးလေဝသဌာနက လာမယ့် ရက်အနည်းငယ်အထိ မိုးသည်းထန်ဦးမယ် ခန့်မှန်းပြီး ပြည်နယ်ရဲ့ ဒေသအချို့ကို အနီရောင်အဆင့် သတိပေးချက် ထုတ်ထားပါတယ်။ 

ဇွန်လနဲ့ စက်တင်ဘာကြား အိန္ဒိယရဲ့ ဒုက္ခများရတဲ့ မုတ်သုံရာသီမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပြီး ညံ့ဖျင်းစွာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေနဲ့ နံရံပြိုကျမှုတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကပဲ မွမ်ဘိုင်းမြို့မှာ မြေပြိုမှုနဲ့ နံရံပြိုကျမှုဖြစ်ပြီး အိမ်ခြေအချို့ ပျက်စီးပြိုကျကာ အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly