တရုတ်တွင် ဝီဂါများ လူမျိုးတုန်းသတ်ခံရကြောင်း အသိအမှတ်ပြုရန် ကနေဒါ၀န်ကြီးချုပ်ကို တိုက်တွန်း

တရုတ်တွင် ဝီဂါများ လူမျိုးတုန်းသတ်ခံရကြောင်း အသိအမှတ်ပြုရန် ကနေဒါ၀န်ကြီးချုပ်ကို တိုက်တွန်း

ကနေဒါနိုင်ငံတ၀န်းမှ လူပေါင်း ၂၀၀ ကျော်သည် ဇူလိုင် ၁၈ ရက်က အော့တဝါမြို့ရှိ ၀န်ကြီးချုပ် ဂျက်စတင် ထရူးဒိုး၏ ရုံးအပြင်ဘက်၌ စုဝေးခဲ့ကြပြီး တရုတ်ရှိ ဝီဂါမွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်မှုကို တားဆီးရေးအတွက် အရေးယူဆောင်ရွက်သွားရန် ကနေဒါအစိုးရကို တိုက်တွန်းခဲ့ကြသည်။ အဆိုပါ စုဝေးဆန္ဒပြပွဲသည် ဇူလိုင် ၁၈ ရက်က ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးများလည်း ပူးပေါင်းပါ၀င်ခဲ့သည်။

အလားတူ ဝီဂါမွတ်ဆလင် တစ်ဦးဖြစ်သည့် ဘီလယ် မာလစ်ခ်သည် အော့တ၀ါသို့ ၎င်း၏ ၁၅ ရက်ကြာ ချီတက်မှုကို အပြီးသတ်ခဲ့ပြီး ၀န်ကြီးချုပ်ရုံးသို့ ရောက်ရှိကာ အဖွဲ့အစည်း အသီးသီးမှ လက်မှတ်ထိုးထားသည့် ပူးတွဲစာတစ်စောင်ကို ဖတ်ကြားခဲ့သည်။

ထို့ပြင် ၎င်းတို့သည် ပေကျင်း ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ရန်အတွက် ကနေဒါအစိုးရနှင့် အိုလံပစ် ကော်မတီကို တိုက်တွန်းခဲ့သည်။

ဤဆန္ဒပြမှုသည် တရုတ်၌ ဝီဂါလူမျိုးတုန်းသတ်မှုကို လက်ခံအသိအမှတ် မပြုရန် ဆုံးဖြတ်ခဲ့သည့် ကနေဒါ ဆိနိတ်တာ ၃၃ ဦး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သောအားဖြင့် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

“သူတို့တွေ လုပ်နေတာတွေက ကနေဒါပြည်သူတွေ လက်မခံနိုင်တဲ့အရာတွေဖြစ်တယ်ဆိုတာကို သူတို့ကို ပြောဖို့ ကျွန်တော်တို့ ဒီမှာ ရောက်နေတာဖြစ်ပါတယ်၊ ကနေဒါမှာ ကျင့်၀တ်ဆိုင်ရာ တာ၀န်၀တ္တရားတစ်ရပ် ရှိနေရုံတင်မကဘဲ တစ်ချိန်တည်းမှာလည်းပဲ ဖြစ်ပွားနေဆဲ လူမျိုးတုန်းသတ်မှုကို တားဆီးဖို့နဲ့ ဆန့်ကျင်ရပ်တည်ဖို့ ဥပ‌ဒေဆိုင်ရာ ၀တ္တရားတစ်ခု ရှိနေတယ်ဆိုတာကို သူတို့ သတိရရမှာဖြစ်တယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။

တရုတ်၏ လူမျိုးတုန်းသတ်မှုနှင့်ပတ်သက်ပြီး လက်ခံအသိအမှတ်ပြုရန် ဆိနိတ်ကို တောင်းဆိုသည့် ဆိနိတ်တာ လီယို ဟောက်ဆာကိုစ် တင်သွင်းသော ဥပဒေမူကြမ်းတစ်ခုကို ကနေဒါ ဆိနိတ်တာအမတ် ၃၃ ဦးက ဆန့်ကျင်မဲပေးခဲ့ကြသည်။

ဝီဂါများနှင့် အခြား တာကစ်စကားပြော မွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရုတ်အပေါ် ဝေဖန်ပြစ်တင်ခြင်းမှ ကနေဒါအနေဖြင့် ရှောင်ကြဥ်သင့်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော်် ကနေဒါတွင်လည်း ဌာနေတိုင်းရင်းသားများအပေါ် နှိပ်စက်မှုများ ရှိခဲ့၍ဖြစ်ကြောင်း လွတ်လပ်သော ဆိနိတ်တာများ အုပ်စု (ISG) ၏ ခေါင်းဆောင် ယူအန် ပေါ်ဝူးက ပြောခဲ့သည်။

ကနေဒါအနေဖြင့် အတိတ်ကာလက ဌာနေတိုင်းရင်းသားမျိုးနွယ်စုများအပေါ် နှိပ်စက်မှုများ ရှိခဲ့သည့်အတွက်ကြောင့်လည်း ယခုအခါ ကနေဒါနိုင်ငံသည် ဤကဲ့သို့သော လူမျိုးတုန်းသတ်မှု လုပ်ရပ်များ အခြားမည်သည့်နေရာတွင်မဆို ထပ်မံဖြစ်ပေါ်စေခွင့် မပြုရန် တာ၀န်ရှိသည်ဟု ကမ္ဘာပေါ်မှ အခြားနိုင်ငံများထက် ပိုမို ခံယူထားကြောင်း ဆန္ဒပြသူများက အလေးပေးပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly