နယူးဇီလန်ကလည်း တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှုကို အနောက်နိုင်ငံများနည်းတူ ပြစ်တင်ရှုတ်ချ

By theguardian.com
23 July 2021
နယူးဇီလန်ကလည်း တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှုကို အနောက်နိုင်ငံများနည်းတူ ပြစ်တင်ရှုတ်ချ

တရုတ်အစိုးရသည် ဆိုက်ဘာတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူသည်ဟု နယူးဇီလန်ကလည်း အနောက်နိုင်ငံ မဟာမိတ်များနည်းတူ ပြစ်တင်ရှုတ်ချလိုက်သည်။

နယူးဇီလန် အစိုးရဆက်သွယ်ရေးလုံခြုံရေးဗျူရို (GCSB) ဝန်ကြီး အင်ဒရူးလစ်တဲက တရုတ်နိုင်ငံမှ ပံ့ပိုးပေးထားသောဟက်ကာများနှင့် ရန်လိုသည့် ဆိုက်ဘာလှုပ်ရှားမှုများအကြားဆက်နွယ်မှုရှိသည်ကို ခိုင်မာသည့် သက်သေများ နယူးဇီလန်တွင် ရှိထားကြောင်း ဇူလိုင်လ ၁၉ရက် ညက ပြောကြားခဲ့သည်။

ပြစ်တင်ဝေဖန်မှုကို အပုပ်ချမှု လုပ်ရပ်အဖြစ် နယူးဇီလန်အခြေစိုက် တရုတ်သံရုံးက ဇူလိုင်လ ၂၀ရက်တွင် ပယ်ချလိုက်ပြီး နယူးဇီလန်အား စစ်အေးတိုက်ပွဲစိတ်ဓာတ်ကို စွန့်လွတ်ရန်လည်း တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံမှ ပံ့ပိုးပေးသောဟက်ကာများက Microsoft Exchange ပလက်ဖောင်းအား ထိုးဖောက်ဝင်ရောက်သည့်ကိစ္စနှင့် ယင်းအားနည်းချက်များကို အခြားဆိုက်ဘာဟက်ကာများကိုပါ ကျယ်ကျယ်ပြန့်ပြန့် မဆင်မခြင်ဝေမျှသည့် အတွက် နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုကို နယူးဇီလန်ကလည်း ထောက်ခံကြောင်း နယူဇီလန် အစိုးရဆက်သွယ်ရေးလုံခြုံရေးဗျူရိုဝန်ကြီး အင်ဒရူးလစ်တဲ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

“ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော ယင်းအန္တရာယ်ရှိသော လုပ်ရပ်မျိုးကို ရပ်တန့်ရန် ကျွန်ုပ်တို့က တောင်းဆိုလိုက်ပြီး တရုတ်၏ ပိုင်နက်မှ ထွက်ပေါ်လာသောလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သင့်လျော်သောအရေးယူမှုများပြုလုပ်ရန် တရုတ်ကို တိုက်တွန်းလိုက်သည်” ဟုလည်းဖော်ပြထားသည်။

အဆိုပါကြေညာချက်သည်နယူးဇီလန်နှင့် တရုတ်ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဖိအားပေးနေသည့်အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး တရုတ်၏ ဆိုက်ဘာလုံခြုံရေးချိုးဖောက်မှုနှင့် ပတ်သက်၍ နယူးဇီလန်က ပိုမိုပြင်းပြင်းထန်ထန် ပြောဆိုလာခြင်းဖြစ်သည်။ 

အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်နှင့် နေတိုးတို့၏ ပူးပေါင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နယူးဇီလန်၏ ပြစ်တင်ရှုတ်ချမှုထွက်ပေါ်လာခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly