မုန်တိုင်းဒဏ်သင့်ထားသည့် ရေကာတာပြိုကျနိုင်ကြောင်း တရုတ်စစ်တပ် သတိပေး

မုန်တိုင်းဒဏ်သင့်ထားသည့် ရေကာတာပြိုကျနိုင်ကြောင်း တရုတ်စစ်တပ် သတိပေး

တရုတ်ပြည်တွင် အနည်းဆုံးလူသုံးဦးသေဆုံးပြီး ဒေသအတွင်း အခြေအနေများရပ်ဆိုင်းသွားခဲ့ရသည့် ပြင်းထန်သောမုန်တိုင်းများတိုက်ခိုက်ပြီးနောက် တိုင်းပြည်အလယ်ပိုင်းရှိ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဆည်ကြီး တစ်ဆည်မှာ အချိန်မရွေးပြိုကျလာနိုင်ကြောင်း တရုတ်စစ်တပ်မှ သတိပေးခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခက်အခဲများစွာ တွေ့ကြုံနေရပြီး ရေလွှမ်းနေသောလမ်းများပေါ်၌ နေထိုင်သူများကို နေရာရွှေ့ပြောင်းပေးနေချိန်တွင် မိုးလေဝသအရာရှိများက ဟိုင်နယ်ပြည်နယ် အလယ်ပိုင်းအတွက် အရေးကြီးဆုံး သတိပေးချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

ပြည်သူ့ လွတ်မြောက်ရေးတပ်၏ ဒေသဆိုင်ရာဌာနက လူ ၇ သန်းဝန်းကျင် နေထိုင်သော လျှိုယမ်းမြို့ရှိ ယွိဟော်တန်ရေကာတာတွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ဆည်တွင် မီတာ ၂၀ရှိ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာ ကာ အချိန်မရွေးပြိုကျလာနိုင်ကြောင်း ဇူလိုင် ၂၀ ရက်က သတိပေးထားသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မိုင်းခွဲပြီး ရေလမ်းကြောင်း လွဲပြောင်းခြင်း အပါအဝင်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် စစ်သားများအား စေလွှတ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၀ ရက်က ယွိဟော်တန်ဆည်တွင် မီတာ ၂၀ ခန့်ရှိသည့် အပေါက်တစ်ပေါက် ကျိုးပေါက် သွားခဲ့ ကြောင်း၊ မြစ်ကမ်းပါးလည်း အလွန်ဆိုးဝါးစွာ ပျက်စီးခဲ့ပြီး ဆည်က အချိန်မရွေးပြိုကျနိုင်ပါသည် ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တရုတ်ပြည်တွင် မိုးရာသီတိုင်း ရေကြီးလေ့ရှိသဖြင့် နှစ်စဉ်အခက်ခဲများတွေ့ကြုံရလေ့ရှိပြီး လမ်းများ၊ ကောက်ပဲသီးနှံများနှင့် အိမ်များသည် ရေလွှမ်းမိုးပျက်စီးလေ့ရှိသည်။

မြစ်ကြောင်းနှင့် ကပ်လျက်ရှိ ရေကန်များ အကြားဆက်သွယ်မှုကို ဖြတ်တောက်ကာ ဆည်နှင့် ရေကာတာများ ဆောက်လုပ်ခြင်းက နွေရာသီတွင် ရေကို စုပ်ယူပေးသည့် ရေလွှမ်းလွင်ပြင်များကို ထိခိုက်ပျက်စီးစေသဖြင့် ယင်းရေကြီးမှုအန္တရယ်မှာ ဆယ်စုနှစ်များအတွင်း ပိုမိုဆိုးရွားလာခဲ့သည်။

အနီးအနားရှိ ကျန်းကျိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်များပြိုကျခဲ့ကြောင်း အစိုးရပိုင် People's Daily သတင်းစာကဖော်ပြထားပြီး အနည်းဆုံးလူတစ်ဦး သေဆုံးပြီး ၂ ဦးမှာ ပျောက်ဆုံးနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly