တရုတ် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူမှု ရပ်ဆိုင်းထားရန် ထိုင်းအစိုးရကို ကျွမ်းကျင်ပညာရှင်က တိုက်တွန်း

တရုတ် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူမှု ရပ်ဆိုင်းထားရန် ထိုင်းအစိုးရကို ကျွမ်းကျင်ပညာရှင်က တိုက်တွန်း

ဇူလိုင် ၂၃

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအားလုံးကို ကာကွယ်နိုင်စွမ်းရှိသည့် မျိုးဆက်သစ် ကာကွယ်ဆေးသစ်တစ်ခုကို မထုတ်လုပ်နိုင်ခင်အထိ တရုတ်၏ ဆိုင်နိုဗက် ကာကွယ်ဆေးပုလင်းများ ဝယ်ယူမှုကို ရပ်ဆိုင်းထားရေးအတွက် အသက်ရှုလမ်းကြောင်းရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ထိုင်းအစိုးရကို ဇူလိုင် ၂၂ ရက်တွင် တိုက်တွန်းလိုက်သည်။

ထိုင်းအစိုးရသည် ဆိုင်နိုဗက် ကာကွယ်ဆေး ထပ်တိုးအလုံးရေ ၁၀ ဒသမ ၉ သန်းကို ဘတ်ငွေ ၆ ဒသမ ၁ ဘီလီယံဖြင့် ဝယ်ယူရန် မကြာသေးခင်က သဘောတူထားခဲ့သည်။

ဆိုင်နိုဗက် ကာကွယ်ဆေးသည် ပြင်းထန်သော နာမကျန်းဖြစ်ခြင်းများနှင့် သေဆုံးမှုများကို ကာကွယ်ရာတွင် ထိရောက်မှုရှိသော်လည်း ယင်း ကာကွယ်ဆေးက ထောက်ပံ့ပေးသည့် ကိုယ်ခံအားသည် ပင်ဂိုအားဖြင့် တဖြည်းဖြည်းချင်း လျော့ကျသွားကြောင်း Vichaiyut ဆေးရုံ၏ အထူးကြပ်မတ်ကုသဌာန အကြီးအကဲ မာနွန် လီချာဝမ်ဝုန်စ်က ပြောခဲ့သည်။

ယင်းအတွက်ကြောင့် ထိုင်းအစိုးရအနေဖြင့် အားလုံးသော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲများအပေါ် ထိရောက်စွာ ကာကွယ်နိုင်သည့် ကာကွယ်ဆေးသစ်တစ်ခု ထွက်ပေါ်မလာသေးမချင်း တရုတ်ကာကွယ်ဆေး ဝယ်ယူမှုများကို ဆိုင်းငံ့ထားသင့်ကြောင်း ၎င်းက ပြောခဲ့သည်။

ကပ်‌ရောဂါကို ရှေ့တန်းနေရာကနေ တိုက်ဖျက်နေကြရသည့် ‌ဆေးဘက်အမှုထမ်းများသည် ရောဂါပိုး ကူးစက်ခံရနိုင်သည့် အန္တရာယ်များပြားကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ ဆေးဘက်ဆိုင်ရာ အမှုထမ်းများ ကူးစက်ခံရချိန် ဗိုင်းရပ်စ်သည် ၎င်းတို့၏ လူနာများနှင့် လုပ်ဖော်ကိုင်ဖက်များထံ ပျံ့နှံ့ကူးစက်သွားနိုင်သည်။

ထို့ပြင် ကူးစက်မှုများကြောင့် ဆေးရုံများတွင် ဝန်ထမ်းအင်အားလျော့နည်းမှုကို ဖြစ်စေလိမ့်မည်ဖြစ်သလို ကူးစက်ခံရသည့် ဝန်ထမ်းများမှာလည်း ၎င်းတို့ကနေတဆင့် အခြားသူများကို ကူးစက်ပျံ့နှံ့စေနိုင်သည့် အန္တရာယ်ကြောင့် သီးခြားကွာရန်တင်းဝင်ရန် လိုအပ်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အများပြည်သူကျန်းမာရေးဝန်ကြီး၏ အတွင်းရေးမှူး ဝက်ချာရာ‌ပေါင် ခူဝီဂျစ်ဆုဝမ်က ဝေဖန်မှုများ ကြီးထွားနေစဉ်ကာလအတွင်း ဆိုင်နိုဗက် ကာကွယ်ဆေး၏ အရည်အသွေးနှင့်ပတ်သက်ပြီး ဇူလိုင် ၂၂ ရက်က ခုခံကာကွယ်ပြောဆိုသွားခဲ့သည်။ အဆိုပါ ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကမ္ဘာတဝန်း သာတူညီမျှရရှိစေရေး ပံ့ပိုးရန် ရည်ရွယ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ Covax အစီအစဉ်၏ တစိတ်တဒေသ ဖြစ်ကြောင်း ပြောသွားခဲ့သည်။

ထို့ပြင် ဆိုင်နိုဗက်ကာကွယ်ဆေးသည် အနောက်အုပ်စု၏ mRNA ကာကွယ်ဆေးများကဲ့သို့ပင် ထိရောက်မှုရှိကြောင်းကို မလေးရှားမှ လာသော သုတေသန တွေ့ရှိချက်များက ညွှန်ပြနေသည်ဟုလည်း ၎င်းက ပြောသည်။

ဗိုင်းရပ်စ်ပိုးအသေကို အသုံးပြု ထုတ်လုပ်ထားသည့် ကာကွယ်ဆေးသည် ပိုမိုကူးစက်လွယ်သော မျိုးကွဲများနှင့်ပတ်သက်ပြီး ထိရောက်မှု မရှိကြောင်း အချို့က ငြင်းခုံပြောဆိုထားကြသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တွေ့ရှိချက်များအရ တရုတ်ကာကွယ်ဆေးသည် ဒယ်လ်တာ မျိုးကွဲအပေါ် ၇၅ ရာခိုင်နှုန်း ထိရောက်မှု ရှိကြောင်းကို ပြသနေသည်ဟု မစ္စတာ ဝက်ချာရာပေါင်က ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် အမျိုးမျိုးသော ကာကွယ်ဆေးများကို ဝယ်ယူနေကြောင်း၊ သို့သော် ကာကွယ်ဆေးတိုင်းကို လိုအပ်သကဲ့သို့ မပေးပို့နိုင်ကြောင်း ၎င်းက ပြောခဲ့သည်။ ဝေဖန်သူတစ်ချို့တွင် နိုင်ငံရေးအရ ဘက်လိုက်မှု ရှိကြောင်းလည်း ၎င်းက ပြောသွားခဲ့သည်။

“တတ်နိုင်သမျှ ကာကွယ်ဆေးတွေ များများ ရှိဖို့က အကောင်းဆုံးပါပဲ၊ ကျွန်တော်တို့ လိုချင်တဲ့ တစ်ခုကို စောင့်ဆိုင်းတာကတော့ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရာမှာ ကျွန်တော်တို့ကို အကူအညီဖြစ်စေနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly