ရွှေလီတွင် အထောက်အထားမဲ့ မြန်မာများ ပြည်နှင်ရန်ပြင်နေ

ရွှေလီတွင် အထောက်အထားမဲ့ မြန်မာများ ပြည်နှင်ရန်ပြင်နေ

ဇူလိုင် ၂၃

တရုတ်နိုင်ငံ ရွှေလီတွင် ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် အထောက်အထားမဲ့ နိုင်ငံခြားသားများကို   တရုတ်ကပြည်နှင်နေသောကြောင့် အရေအတွက်ထောင်ချီရှိသော  မြန်မာနိုင်ငံသားများအခက်တွေ့နေရသည်ဟု ရွှေလီရောက် မြန်မာများကပြောသည်။

နေထိုင်ခွင့်အထောက်အထားအပြည့်အစုံမရှိသော နိင်ငံခြားသားများကို ပြည်နှင်မည်ဟု မြန်မာနိုင်ငံ မူဆယ်မြို့နှင့်ဆန့်ကျင်ဘက်ရှိ ရွှေလီမြို့၏နိုင်ငံခြားသားအကူအညီပေးရေးနှင့်စီမံခန့်ခွဲရေးစင်တာက ကြေညာပြီးနောက် မြန်မာအချို့ကို ပြန်ပို့နေသည်ဟု ဆိုသည်။

ရွှေလီတွင်နေထိုင်သော မြန်မာတစ်ဦးက" အထောက်အထားမရှိရင် ပြည်နှင်ခံရမယ်။ အချို့က သူဌေးက အာမခံပေးပေမယ့် အနည်းစုပဲရမယ်။ နေရာ၊အလုပ်နဲ့ ဝင်ငွေအတည်တကျ မရှိတဲ့နေစားသမားတွေ ဒုက္ခရောက်မှာ"ဟု ၎င်းက ဆိုသည်။

 ရွှေလီမြို့နိုင်ငံခြားသားအကူအညီပေးရေးနှင့်စီမံခန့်ခွဲရေးစင်တာက ဇူလိုင်၂၁ရက်က ထုတ်ပြန်ချက်တွင် ရွှေလီတွင်နေထိုင်သော နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ ယာယီနေထိုင်ခွင့်လက်မှတ်နှင့် ပေါက်ဖော်ကတ်ဒ် တစ်မျိုးမျိုးရှိမှသာ နေထိုင်ခွင့်ရမည်ဖြစ်ကြောင်း၊ အခြားမည်သည့်လက်မှတ်ကိုမဆို တရားမဝင်ဟု သတ်မှတ်မည်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်နှင်ဒဏ်ပေးခြင်းခံရမည်ဟု သတိပေး ထားသည်။ 

အလားတူပင် ကပ်လျက်မြို့တစ်ခုဖြစ်သော ကျယ်ခေါင်တွင်လည်း တရားမဝင်ဆက်လက်နေထိုင်နေသည့် မြန်မာများကို ပြန်ပို့ရေးလုပ်ဆောင်နေသည်။

ကိုဗစ်ကပ်ရောဂါ ဂယက်ကြောင့် နယ်စပ်ကို ပိတ်ထားသလို လုပ်ငန်းများ ပိတ်သိမ်းထားကြောင်း၊ ရွှေလီမြို့အနေဖြင့် နိုင်ငံခြားသားများအရေးကို တင်းကျပ်စွာ ကိုင်တွယ်မည်ဖြစ်ကာ တရားဝင်နေထိုင်ခွင့်အထောက်အထားမရှိသူများကို ပြည်နှင်မည်ဟု သတိပေး ထားသည်။

ရွှေလီတွင် ယခုရှိနေသည့် နိုင်ငံခြားသားများကို တရုတ်၏ မည်သည့်နေရာမဆို သွားလာခွင့်မပြုတော့ဘဲ ရွှေလီတွင်ပိတ်မိနေသော နိုင်ငံခြားသားများအနေဖြင့် လက်ရှိအခြေအနေအတွက် နေရေးထိုင်ရေးအမြန်ဆုံး အဖြေရှာရန် တိုက်တွန်းထားသည်။ နေရပ်သို့ပြန်လိုသူများသည် လက်ရှိနေထိုင်ရာ ရပ်ကွက်မှ တာဝန်ရှိသူများထံ အစီရင်ခံရန်လည်း အသိပေး ထားသည်။

ရွှေလီတွင် ယခင်ကနှင့် မတူသော တင်းကျပ်မှုများကြောင့် မြန်မာအများစု ရပ်တည်ရန် မလွယ်ကူတော့ကြောင်း နေရပ်သို့ ပြန်လာခဲ့သည့် မြန်မာတစ်ဦးက ပြောသည်။

ဇူလိုင်၂၁ရက်က ထုတ်ပြန်ချက်သော စာရင်းအရ ရွှေလီနှင့်ကျယ်ခေါင်တွင် ကိုဗစ်အတည်ပြုလူနာ ၂၈၂ဦးရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly