ဘိုကလေးမြို့မှာ  မနက်၄နာရီကနေ မနက်၁၀နာရီထိသာ အပြင်ထွက်ခွင့်သတ်မှတ်

ဘိုကလေးမြို့မှာ  မနက်၄နာရီကနေ မနက်၁၀နာရီထိသာ အပြင်ထွက်ခွင့်သတ်မှတ်

ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့မှာ ကိုဗစ်၁၉ကာကွယ်ဖို့အတွက် နေအိမ်တွေကနေ အပြင်ထွက်ခွင့်ကို မနက် ၄နာရီကနေ မနက်၁၀အထိသာ ပြုလုပ်ဖို့ မြို့နယ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။

အပြင်ထွက်ခွင့်အချိန် သတ်မှတ်ချက်ဟာ အစားအသောက်နဲ့ ဆေးဝါးဝယ်ယူလိုသူတွေအတွက် မပါဝင်ဘူးလို့ ကြေညာထားပေမယ့် မြို့တွင်းလမ်းမကြီးတွေမှာ စစ်ကောင်စီက တားမြစ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေဟာ အပြင်မထွက်ရဲတဲ့ အခြေအနေမှာ ရှိနေတာပါ။

“မနက်၄နာရီကနေ ၁၀နာရီပဲဆိုတော့ အကုန်အခက်အခဲရှိတယ်၊ အစားအသောက်ဝယ်တာ မှာတာကနေစပြီးတော့ ဆေးထွက်ဝယ်ဖို့ပါ အခက်အခဲအကုန်ဖြစ်တယ်၊ အရေးပေါ်လိုရင် အဖမ်းခံရမှာဆိုးပြီး ဘာမှမထွက်ရဲဘူး၊ အရောင်းအဝယ်တွေပါ ဘာမှလုပ်မရဘူးဖြစ်ကုန်တာ၊ အိမ်ကလူတွေကို တစ်အိမ်တစ်ယောက်ပဲ ထွက်လို့ရမယ်သတ်မှတ်ပြီးတော့ တခြားမြို့တွေလို အပြင်ထွက်ဖို့ ကဒ်လည်း လုပ်မပေးထားဘူး၊ ဆိုင်ကယ်တစ်စင်းကို နှစ်ယောက်မစီးရဘူးလို့ ကြေညာတယ်၊ သူတို့သတ်မှတ်ထားတာ မလိုက်နာရင် ဖမ်းမယ်လို့ပြောတယ်”လို့ ဘိုကလေးဒေသခံ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တင်လာခဲ့ပြီး ဇူလိုင်လ ၁၇ရက်နေ့ကနေ ၂၅ရက်နေ့အထိ ရုံးပိတ်ရက် ရက်ရှည်အကြာ သတ်မှတ်ကာ ပြည်သူတွေကို Stay at Home နေထိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီက သတ်မှတ်ခဲ့ပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ဘိုကလေးမြို့နယ်မှာ အပြင်ထွက်ခွင့်အချိန်ကို ထပ်မံကန့်သတ်လိုက်တာပါ။

“လုံးဝစီမံချက်အလွဲကြီး အရင်အစိုးရနဲ့ သူတို့စစ်အုပ်စုနဲ့ ကွာတာက အဲ့ဒါပဲ၊ အမိန့်ပေးမယ် လုပ်ခိုင်းမယ် အောက်မှာက တလွဲချည်းပဲ၊ အရင်က အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်ခြေကအသံကိုနားထောင်တယ်။ အခုသူတို့က လုပ်ချင်တာလုပ်နေကြတာ၊ မြို့ပေါ်မှာ ဆေးဝယ်မရတော့ဘူး၊ စားသောက်စရာတွေ ဝယ်မရဘူး စျေးတက်နေတယ်။ ဘာတစ်ခုမှ မစီမံတတ်ဘူး။ အိမ်ထဲမှာပဲ ဒီအတိုင်း ထိုင်နေလို့ မရဘူး”လို့ ကိုဗစ် ၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ Volunteer လုပ်ဆောင်ပေးခဲ့သူ တစ်ဦးကပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၁ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၄၆၆၆၃ ဦးကျော်ရှိပြီး သေဆုံးသူ ၅၈၁၄ ဦးရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly