ကိုဗစ်-၁၉ ဇစ်မြစ်အား စုံစမ်းဖော်ထုတ်ရေး  WHO ၏ ဒုတိယအဆင့် သုတေသန အစီအစဉ်ကို တရုတ် ပယ်ချ 

ကိုဗစ်-၁၉ ဇစ်မြစ်အား စုံစမ်းဖော်ထုတ်ရေး  WHO ၏ ဒုတိယအဆင့် သုတေသန အစီအစဉ်ကို တရုတ် ပယ်ချ 

ဇူလိုင် ၂၂

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ် ဓာတ်ခွဲခန်းမှ စိမ့်ထွက်ပြန့်နှံ့ခဲ့ခြင်း ဖြစ်နိုင်သည်ဆိုသော ယူဆချက်ပါ အပါအဝင်ဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ကိုရိုနာဗိုင်းရပ်စ်၏ မူလဇစ်မြစ်အား စုံစမ်းဖော်ထုတ်ရေး သုတေသန ဒုတိယအဆင့် အစီအစဉ်အား တရုတ်နိုင်ငံအနေဖြင့် လက်သင့်မခံ ပယ်ချကြောင်း ထိပ်တန်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်၏ ဇစ်မြစ်များအား သုတေသန ဒုတိယအဆင့် ပြုလုပ်ရေးအတွက် WHO သည် ယခုလအတွင်း အဆိုပြုထားခဲ့ခြင်းဖြစ်ပြီး ယခု အဆင့်တွင် ဝူဟန်မြို့မှ ဓာတ်ခွဲခန်းများနှင့် ဈေးများကို စစ်ဆေးခြင်းများလည်း ပါဝင်ကာ တရုတ်အာဏာပိုင်များကိုလည်း ပွင့်လင်းမြင်သာမှု ရှိရန် တိုက်တွန်းထားခဲ့ခြင်း ဖြစ်သည်။ 

“ရှုထောင့်အချို့ပေါ်မှာ တည်ပြီးတော့ သာမန် ဆင်ခြင်တုံတရားကို အလေးဂရုမပြုဘဲ သိပ္ပံပညာကိုပါ အာခံဖီဆန်တဲ့ ခုလို ဇစ်မြစ်လိုက်မယ့် အစီအစဉ်မျိုးကိုတော့ ကျွန်တော်တို့ လက်သင့်ခံမှာ မဟုတ်ဘူး”ဟု အမျိုးသား ကျန်းမာရေးကော်မရှင် NHC မှ ဒုတိယဝန်ကြီး ကျန်းယီရှင်းက သတင်းထောက်များအား ပြောသည်။ 

ဓာတ်ခွဲခန်း ကျင့်ဝတ်ဆိုင်ရာများအား တရုတ်နိုင်ငံက ချိုးဖောက်မှု ရှိခဲ့ရာကနေ ဗိုင်းရပ်စ်သည် သုတေသနပြုစဉ်အတွင်း စိမ့်ထွက်ပြန့်နှံ့သွားခဲ့ရခြင်းဖြစ်သည်ဆိုသော အနုမာန မှန်းဆချက်ကို ထည့်သွင်းထားသည့် ထို အဆိုပြုချက်ကြောင့် WHO ၏ အစီအစဉ်ကို ပထမ စဖတ်ရချိန်မှာပင် စိတ်ပျက်အံ့အားသင့်ခဲ့ရသည်ဟု ကျန်းယီရှင်းက ဆိုသည်။  

တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ဘေး၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှုပြုရာ၌ ကူးစက်ပြန့်နှံ့မှု ဖြစ်ပွားသည့် ပထမရက်များက အချက်အလက်ကြမ်းများ အားနည်းချို့တဲ့ခြင်းကြောင့် အဟန့်အတား ဖြစ်ခဲ့ရသည်ဟု WHO အကြီးအကဲက ဇူလိုင်လ အစောပိုင်း၌ ပြောခဲ့သည်။ 

တရုတ်နိုင်ငံ၏ သဘောထား ရပ်တည်ချက်မှာ အချို့သော အချက်အလက်များက သီးသန့်အတွင်းရေးကိစ္စဖြစ်ပြီး စိုးရိမ်ပူပန်ရမည်ဖြစ်၍ အလုံးစုံတော့ မျှဝေပေးနိုင်မည် မဟုတ်ဟု ကျန်းယီရှင်းက ထပ်လောင်းပြောဆိုသည်။ 

“တရုတ်ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေနဲ့ အကြုပြုချက်တွေကို WHO အနေနဲ့ ထဲထဲဝင်ဝင် ပြန်လည်သုံးသပ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဇစ်မြစ် ခြေရာခံတာကို သိပ္ပံဆိုင်ရာ အကြောင်းအရာအဖြစ် မှန်မှန်ကန်ကန် ဆောင်ရွက်စေချင်ပါတယ်၊ ပြီးတော့ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုတွေကို ဖယ်ရှားပစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ကျန်းယီရှင်းက ဆိုသည်။  

နိုင်ငံရေး အငွေ့အသက် မကင်းသော ယခု သုတေသနကို တရုတ်က ကန့်ကွက်ကြောင်း ၎င်းက ပြောသည်။ 

ဗိုင်းရပ်စ်၏ မူလဇစ်မြစ်နှင့် ပတ်သက်ကာ ပညာရှင်များကြားတွင် အငြင်းပွားမှုများ ရှိနေဆဲ ဖြစ်သည်။ 

တရုတ်အလယ်ပိုင်း ဝူဟန်မြို့တွင် ၂၀၁၉ ဒီဇင်ဘာလအတွင်း ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မြို့၏ ဈေးတစ်ဈေးမှ အစားအစာအဖြစ် ရောင်းချသော တိရစ္ဆာန်များမှတစ်ဆင့် လူသို့ ဗိုင်းရပ်စ်ကူးစက်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။ 

တရုတ်၌ ဓာတ်ခွဲခန်း မတော်တဆမှုတစ်ရပ်မှ ဗိုင်းရပ်စ် ပြန့်နှံ့ပေါ်ထွက်ခဲ့သည်ဟူသော ဖြစ်နိုင်ခြေအပါအဝင်  အခြားသော ဖြစ်တန်ခြေရှိသည့် အယူအဆများကို အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက စိစစ်လေ့လာလျက်ရှိသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပြီး ဗိုင်းရပ်စ်၏ မူလဇစ်မြစ်နှင့် ပတ်သက်သော မေးခွန်းများအား အဖြေရှာကြရန် လက်ထောက်အကူများအား မေလအတွင်းက အမိန့်ညွှန်ကြားချက် ထုတ်ထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly